ချင်းရွှေဟော်နယ်စပ်ဂိတ်မှနေရပ်ပြန်ပြည်သူ(၁၀)ဦးထပ်မံဝင်ရောက်

ချင်းရွှေဟော်  ဒီဇင်ဘာ  ၅

တရုတ်နိုင်ငံမှပြန်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင် မြို့နယ်၊ ချင်းရွှေဟော်မြို့ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ယမန်နေ့ နံနက်(၆)နာရီမှ ညနေ (၆)နာရီအချိန်အထိ နေရပ်ပြန်ပြည်သူ(၁၀)ဦး ထပ်မံဝင်ရောက်လာခဲ့သည်။

အဆိုပါ   ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ(၁၀)ဦး တို့မှာ   အမျိုးသား(၅)ဦး ၊ အမျိုးသမီး(၅)ဉီးတို့ဖြစ်ပြီး  ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်မှ(၁)ဦး၊ ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်မှ(၁) ဦး၊ မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်မှ(၁) ဦး၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်မှ(၃) ဦးနှင့် ကွမ်းလုံမြို့နယ်မှ(၄)ဉီးတို့ ဖြစ်သည်။

ထိုသို့ဝင်ရောက်လာသည့်နေရပ်ပြန်ပြည်သူများကို ချင်းရွှေဟော်နယ်စပ်ဂိတ်တွင် ကိုယ်ပူချိန်တိုင်းတာခြင်းနှင့်ကျန်းမာရေး စစ်ဆေးပေးခဲ့ပြီး ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီက ချင်းရွှေဟော်မြို့၊ အမှတ်(၁) ရပ်ကွက်တွင် အသွားအလာကန့်သတ်စောင့်ကြပ်၍ သီးခြားထားရှိကာ ချင်းရွှေဟော်မြို့၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဉီးစီးဌာန မှ ၎င်းတို့အား  ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ Rapid Test Kit ဖြင့် စစ်ဆေးခြင်း  နှင့် ဓါတ်ခွဲနမူနာ Swab များရယူပြီး  စစ်ဆေးနိုင်ရန် မူဆယ်မြို့၊ ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာနသို့ ဆက်လက်ပို့ဆောင်စစ်ဆေးသွား မည်ဖြစ်ကြောင်း သိရှိရသည်။

ဇင်ဇင်(ပြန်/ဆက်)