မိတ္ထီလာ ဇန်နဝါရီ ၁၀
မိတ္ထီလာမြို့နယ်၌ မိတ္ထီလာတောင်ကန်တော်အတွင်း တည်ရှိသည့် အန္တကူရေလည်ဆုတောင်းပြည့် စေတီတော် ကွန်ကရစ်တံတားနှင့် အာရုံခံတန်ဆောင်း တည်ဆောက်ရန် ပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို ယမန်နေ့ နေ့လည် ၁၂ နာရီအချိန်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး အန္တကူရေလည်ဆုတောင်းပြည့်စေတီတော် ကွန်ကရစ်တံတားနှင့် အာရုံခံတန်ဆောင်း တည်ဆောက်ရန်အတွက် ပန္နက်တော်တင်ခြင်းကို သဒ္ဓမ္မဝံသာရုံ(နဂါးရုံ) စာသင်တိုက်ကြီး၏ ဦးစီးဗဓာန နာယကဆရာတော် မဟာဂန္တဝါစကပဏ္ဏိတဘန္ဒန္တဝံသ၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စွာမောင်စိုး၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းလှိုင်၊ အန္တကူ ရေလည်ဆုတောင်းပြည့် စေတီတော် ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးခင်ညိုနှင့် ကွန်ကရစ်တံတားနှင့် အာရုံခံတန်ဆောင်း အလှူရှင် ဒေါ်အမာတင် တို့မှ ပန္နက်တော်တင် လှူခဲ့ကြသည်။
“မိတ္ထီလာတောင်ကန်တော်အတွင်း တည်ရှိသည့် အန္တကူရေလည်ဆုတောင်းပြည့်စေတီတော်ကို နေ့စဉ်ဘုရားဖူးများဖြင့် စည်ကားလျက်ရှိပြီး စေတီတော်သို့ သွားရောက်သည့် တံတားမှာ ဟောင်းနွမ်း ယိမ်းယိုင်နေသည်ကို မြင်တွေ့ရသောအခါ ခိုင်မာတောင့်တင်းသော တံတား အသစ်တည်ဆောက်၍ လှူဒါန်းလိုသော စိတ်များဖြစ်ပေါ်လာခဲ့သောကြောင့် ကွန်ကကရစ် တံတား နှင့် အာရုံခံတန်ဆောင်း တည်ဆောက်ရန် သဒ္ဓမ္မဝံသာရုံ(နဂါးရုံ) စာသင်တိုက်ကြီး၏ ဦးစီးဗဓာန နာယက ဆရာတော် မဟာဂန္တဝါစကပဏ္ဏိတဘန္ဒန္တဝံသနှင့် လျှောက်ထားတိုင်ပင်ခဲ့ပြီး ယခုလို ငွေကျပ် သိန်းပေါင်း (၄၂၀၀) ဖြင့် ကွန်ကရစ်တံတားနှင့် အာရုံခံတန်ဆောင်း တည်ဆောက် သွားမည်ဖြစ်ကြောင်း”အလှူရှင် ဒေါ်အမာတင်က ပြောကြားခဲ့သည်။
အဆိုပါ ကွန်ကရစ်တံတားနှင့် အာရုံခံတန်ဆောင်းကို သဒ္ဓမ္မဝံသာရုံ(နဂါးရုံ)စာသင်တိုက်ကြီး၏ ဦးစီးဗဓာန နာယက မဟာဂန္တဝါစကပဏ္ဏိတဘန္ဒန္တဝံသ ဦးဆောင်ပြီး မိတ္ထီလာမြို့ နန်းတော်ကုန်း ရပ်ကွက် ဦးစိုးမြင့်၊ ဒေါ်အမာတင် မိသားစုတို့မှ ငွေကျပ် သိန်း(၄၂၀၀) ဖြင့် ရန်ကုန်မြို့မှ တံတားတည်ဆောက်ရေး အဖွဲ့မှ တာဝန်ယူပြီး အရှည် (၄၃၅)ပေ၊ အကျယ် (၁၀) ပေ၊ လက်ရန် အမြင့် (၃)ပေခွဲ ၊ အခင်းထု(၄)လက်မရှိ RC အမျိုးအစား တံတား တစ်စင်းနှင့် တံတားအလယ်တွင် ၁၂ ပေ ပတ်လည် အကျယ်ရှိ နားနေဆောင် တစ်ဆောင်၊ တံတားအဝင်တွင် မုဒ်ဦးတစ်ခု နှင့် စေတီတော်အနီး အလျား (၄၀)ပေ ၊ အနံ (၃၀)ပေရှိ အာရုံခံတန်ဆောင်း တစ်ဆောင် တည်ဆောက်ခြင်းကို မေလ အတွင်း အပြီး တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(ခရိုင်ပြန်ဆက်)