အိမ်မဲမြို့နယ်တွင် ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာကော်မတီ (TCRC)လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

အိမ်မဲ  ဒီဇင်ဘာ ၆

ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမတွင် ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာကော်မတီ (TCRC)လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် အိမ်မဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်သန္တာ၊ တိုင်းဒေသကြီး(၁) လွှတ်တော် ကိုယ်စားလှယ် ဒေါ်ရီရီထွန်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမင်းသူတို့က ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ် လိုတရပေါက်စီမုန့်တိုက်တွင် ဖြစ်ပွားခဲ့သော ကလေးလုပ်သားပြဿနာ၊ မြို့နယ်တွင်း သက်ငယ်မုဒိမ်းကိစ္စများ၊ အလိုမတူအဓမ္မပြုကျင့်မှုများ၊ အမျိုးသမီးငယ်များနှင့် ကလေးသူငယ် အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို အကျယ်တဝင့် အသီးသီး ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် တက်ရောက်လာသော ကော်မတီဝင်များနှင့် တာဝန်ရှိသူများက ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ အထွေထွေကိစ္စရပ်များကို တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။

"အဆိုပါအခမ်းအနားသည် ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ် လိုတရပေါက်စီမုန့်တိုက်တွင် အလုပ်လုပ်ကိုင်သူ ကလေးများသည် အိမ်မဲမြို့နယ်ကွန်တိုင်းကျေးရွာမှ ကလေးများဖြစ်ကြပြီး အဆိုပါ ကလေးများကို ကူညီထောက်ပံ့ ပေးနိုင်ရန် အစည်းအဝေးပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

အခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)