တောင်ကြီး ဒီဇင်ဘာ ၆
ရွှေမြို့မဝန်ဆောင်မှုနှင့် အထွေထွေရောင်းဝယ်ရေး သမဝါယမအသင်းလီမီတက်၏ ၂၀၁၉ခုနှစ် ပထမ(၆)လနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ကျင်းပနိုင်ခြင်း မရှိသောကြောင့် အသင်းသားများ၏ နေထိုင် စားသောက်မှုကို အထောက်အကူပြုနိုင်ရေးအတွက် သက်သာထောက်ပံ့ငွေ အစုပေါ်အချိုးကျ ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့နံနက် ၉ နာရီက တောင်ကြီးမြို့၊ မြို့မရပ်ကွက်၊ တူးမြောင်းလမ်းနှင့် တောင်ကျောင်းလမ်းဒေါင့်ရှိ သမဝါယမအသင်းရုံးတွင် ကျင်းပကြောင်း သိရသည်။
“ မိမိတာဝန်ယူ ဆောင်ရွက်နေစဉ်ကာလအတွင်း အသင်းသားများကို ပုံမှန်ထောက်ပံ့ပေးခဲ့သည်မှာ (၇)ကြိမ်မြောက်ရှိခဲ့ပြီး ယခုလိုကြပ်တည်းနေချိန် အများဆုံးထောက်ပံ့ပေးခြင်းသည် ပထမဆုံးအကြိမ် ဖြစ်ကြောင်း၊ အသင်းသားတစ်ဦးက ဥပမာ အစု(၅ထောင်)တစ်စုထည့်လျှင် ငွေကျပ်(၇၅၀၀)နှုန်းဖြင့် ၎င်းတို့ အစုထည့်သည့် အပေါ်မှုတည်ပြီး ထောက်ပံ့ငွေ ထုတ်ပေးခြင်းဖြစ်ကြောင်း၊ အသင်းသား အသစ်တွေကို လက်ခံချင်ပေမယ့် အသင်းသားပိုများလာလျှင် အကျိုးအမြတ်ရရှိမှု နည်းသွားမှာ စိုးရိမ်သောကြောင့် လောလောဆယ်မှာ အသင်းသားအသစ်ကို လက်မခံနိုင်ခြင်း မရှိသေးကြောင်း” ရွှေမြို့မဝန်ဆောင်မှုနှင့် အထွေထွေရောင်းဝယ်ရေး သမယဝါမအသင်းဥက္ကဋ္ဌ ဦးထိန်လင်းထံမှ သိရသည်။
“အသင်းဝင်ကတော့ အိမ်ထောင်စုတစ်စုမှာ တစ်ယောက်ကို အစုငွေအနည်းဆုံး(ကျပ်ငါးထောင်)ကနေ (ကျပ်ငါးသောင်း) ဖြင့် အသင်းဝင်နိုင်ပြီး အမြတ်ငွေကို အစုငွေအပေါ်မူတည်ပြီး ပြန်လည် ထုတ်ပေးတာကြောင့် ပြည်သူလူထုကလည်း သဘောကျတယ်၊ ကိုဗစ်-၁၉ရောဂါ ကာလမှာ အခြေခံ ဝန်ထမ်းများသည့် နေရာတွင် ရွှေမြို့မဝန်ဆောင်မှုနှင့် အထွေထွေ ရောင်းဝယ်ရေး သမယဝါမအသင်းမှ ယခုလိုထောက်ပံ့ပေးသည့်အတွက် အတိုင်းမသိဝမ်းသာပီတိ ဖြစ်မိပါကြောင်း” စည်ပင်ဝန်ထမ်း တစ်ဦးဖြစ်သည့် ဒေါ်သိန်းရီက ပြောသည်။
အဆိုပါ ထောက်ပံ့မှုတွင် အသင်းသားဦးရေ (၂၉၄)ဦးတို့အား အစုပေါ်အချိုးကျ သက်သာထောက်ပံ့ငွေ (ကျပ် ကိုးဆယ်နှစ်သိန်း ခြောက်သောင်း ကိုးထောင်တိတိ) ထောက်ပံ့ပေးသည့်အပြင် အသင်းသား ထောက်ပံ့ပစ္စည်း တန်ဖိုးငွေ(ကျပ် ခြောက်သိန်းခြောက်သောင်း ခုနှစ်ထောင့်သုံးရာရှစ်ဆယ်တိတိ)ဖြင့် အသင်းသားတစ်ဦးလျှင် ဆီ(၅၀)သား (၁)ဗူး၊ ကြက်သွန်နီ(တစ်ပိဿာ) တို့ဖြင့် ထောက်ပံ့ပေးခဲ့ပြီး စုစုပေါင်းတန်ဖိုး ငွေကျပ် (ကိုးဆယ့်ကိုးသိန်းသုံးသောင်း ခြောက်ထောင်သုံးရာရှစ်ဆယ်တိတိ) ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)