မိုင်းပျဉ်း ဒီဇင်ဘာ ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင်းရှိ စားသောက်ဆိုင်များအား ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များ နှင့်အညီ ဖွင့်လှစ်နိုင်ရေးအတွက် တာဝန်ရှိသူများက ယမန်နေ့နံနက် ၁၀နာရီခွဲက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာစိုင်းစိုးဟိန်း၊ မြို့မရဲစခန်းမှ ဒုရဲအုပ်ကောင်းမြတ်စိုး၊ မြို့နယ်မီးသတ် ဦးစီးမှူး ဦးသူရမောင်၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးစိုးဦးနှင့် တာဝန်ရှိသူများက သွားရောက်၍ စားသောက်ဆိုင်များ ပြန်လည်ဖွင့်လှစ် ရောင်းချနိုင်ရန်၊ ပြန်လည်ဖွင့်လှစ်ရောင်းချပါက ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် နိုင်ရန်အတွက် စျေးရောင်းချသူများနှင့်စျေး ဝယ်လာသူများ နှာခေါင်းစည်းကို စနစ်တကျတပ်ဆင်ရန်၊ စျေးဆိုင်တွင် လက်ဆေးဘေစင်များ ထားရှိပေးရန်၊ တစ်ဦးနှင့်တစ်ဦး ၆ပေ ကွာနေကြရန်၊ လက်ကိုဆပ်ပြာဖြင့် စနစ်တကျဆေးကြောရန်၊ လူစုလူဝေးရှောင်ကြဉ်ရန်၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်နှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လုပ်ငန်းစဉ်များ နှင့်ပတ်သက်၍ လိုအပ်သည်များကို လမ်းညွှန်အကြံပြု မှာကြားခဲ့သည်။
မိုင်းပျဉ်းမြို့မစျေးနှင့် ယာယီပျံကျစျေးတို့တွင် နေ့စဉ်ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက် လျက်ရှိပြီး မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီမှလည်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
မေမွန်ထွဋ် (ပြန်/ဆက်)