မိုင်းတုံ ဒီဇင်ဘာ ၆
ရှမ်းပြည်နယ် (အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်တွင် ပုံမှန်ကာကွယ် ဆေးထိုး/ ဆေးတိုက်ခြင်းကို နောင်ပါရင်ရပ်ကွက် မိခင်နှင့်ကလေး ကျန်းမာရေးဌာနတွင် ယမန်နေ့ နံနက် (၈)နာရီတွင်စတင် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် အသက်အုပ်စုအလိုက် မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်ကို ထိုးနှံပေးခြင်းဖြစ်ကြောင်း၊ ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါကြောင့် ကလေးတစ်ဦး အုပ်ထိန်းသူ မိခင်တစ်ဦးသာလာရန်နှင့် Masks များ မဖြစ်မနေ တပ်ဆင်လာကြရန်အတွက် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် အကြောင်းကြားကာ ဆောင်ရွက်ခဲ့ကြောင်း၊ ကာကွယ် ဆေးထိုးနှံရာတွင် လူစုလူဝေးမဖြစ်စေရေးအတွက် ရပ်ကွက်အလိုက် အလှည့်ကျ ထိုးနှံပေးခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေး ဌာနမှသိရသည်။
မိုင်းတုံမြို့တွင် ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို လစဉ်လဆန်းရက်များတွင် ပုံမှန် ဆောင်ရွက် လျက် ရှိပြီး အသက်နှစ်လမှ အသက် (၁)နှစ်ခွဲ အထိကလေးငယ်များအား ဘီစီဂျီ၊ ပြင်းထန် အဆုတ်ရောင်၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါဘီ ကာကွယ်ဆေး၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ် ကာကွယ် ဆေး)၊ ဝက်သက်နှင့် ဂျိုက်သိုးရောဂါ ကာကွယ်ဆေး ၊ ဂျပန်ဦးနှောက်ရောင် ရောဂါကာကွယ်ဆေး ထိုးနှံခြင်း၊ ပိုလီယိုကာကွယ်ဆေး၊ ပြင်းထန် ဝမ်းပျက်ဝမ်းလျှော (ရိုတာ) ကာကွယ်ဆေးတိုက်ခြင်းနှင့် ကိုယ်ဝန်ဆောင် မိခင်များကို မေးခိုင်ဆေး ထိုးနှံခြင်းတို့ကို မိခင်နှင့်ကလေးကျန်းမာရေးဌာန၊ မိခင်နှင့်ကလေးစောင့်ရှောက် ရေးအဖွဲ့နှင့် အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ဝင်းဝင်းခိုင် (ပြန်/ဆက်)