ခရီးစဉ် ဒေသဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ(DMO) အစည်းအဝေးဆုံးဖြတ်ချက်အရ ဝိတိုရိယ တောင်ပေါ်သို့ မော်တော်ယာဉ် တက်ရောက် မှုများ တားမြစ်ကန့်သတ်တော့မည်

ကန်ပက်လက်   ဒီဇင်ဘာ  ၆

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ရှိ ဝိတိုရိယတောင်ပေါ်သို့ မော်တော်ကား၊ မော်တော်ဆိုင်ကယ် တက်ရောက်မှုများကို တားမြစ်ကန့်သတ်သွားမည်ဟု ၂၀၂၀ပြည့်နှစ်၊ ဒီဇင်ဘာလ (၄)ရက်နေ့ မွန်းလွဲ(၁)နာရီ တွင်ကျင်းပပြုလုပ်ခဲ့ကြသည့် ခရီးစဉ် ဒေသဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ(DMO)အစည်းအဝေးအရ သိရသည်။

သဘာဝအခြေခံခရီးသွားလုပ်ငန်းများ ပီပီပြင်ပြင်ဖြစ်ပေါ်လာစေရန် ရည်ရွယ်ချက်ဖြင့် ယင်းကဲ့သို့သော ဆိုင်ကယ်၊ကားသွားလာမှုများကို တားဆီးကန့်သတ်ရခြင်းဖြစ်ကြောင်း၊ အရေးပေါ် ယာဉ်များနှင့် လုပ်ငန်းဆေင်ရွက်ရန်လိုအပ်သည့်ယာဉ်များကိုသာ တောင်ပေါ်သို့ ယာဉ်ဖြင့် တက်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်းနှင့် မော်တော်ကားများအား (၁၀)မိုင် စခန်း ဝန်းကျင်၌လည်းကောင်း မော်တော်ဆိုင်ကယ်များအား (၁၁)မိုင်(၁)ဖာလုံ (ဆမီးလမ်းခွဲ) အထိသာလည်းကောင်း တက်ရောက်ခွင့်ပြုတော့မည်ဖြစ်ကြောင်း DMO အစည်းအဝေး ဆုံးဖြတ်ချက်အရ သိရပါသည်။

မကြာသေးမီကရှာဖွေတွေ့ရှိထားသည့် လမ်းကြောင်းအသစ်အပါအဝင် လက်ရှိတွင် ဝိတိုရိယ တောင်တက်လမ်း(၃)ခုရှိရာအနက် ဆမီးလမ်းခွဲမှ နောက်ဆုံးရှာဖွေထားသည့် လမ်းကြောင်း အတိုင်းတက်မည်ဆိုပါက (၂)မိုင်ဝန်းကျင်သာရှိမည်ဖြစ်ပြီး ယင်းလမ်းကြောင်းသစ်သည် အတိုဆုံး လမ်းကြောင်းဖြစ်မည့်အပြင် ဓာတ်ပုံရိုက်ကူးလိုသူများအတွက် သာယာလှပသည့် ရှုခင်းများစွာဖြင့် ပြည့်နေကြောင်း လမ်းကြောင်းအသစ်ရှာဖွေရေးတွင် ပါဝင်ခဲ့သည့် ဒေသခံ ဧည့်လမ်းညွှန်တစ်ဦးကပြောပါသည်။

ခရီးစဉ်ဒေသဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ(DMO) အစည်းအဝေးတွင် (၁၀)မိုင်စခန်း၌ သောက်သုံးရေရရှိရေး၊ ကိုးလောင်းရေတံခွန်ဆိုင်းဘုတ်၊ လမ်းညွှန်ဆိုင်းဘုတ်နှင့် နားနေရန် ကွပ်ပျစ်များ၊ သဘာဝအခြေခံခရီးသွားလုပ်ငန်းမြှင့်တင်ရေးအတွက်လိုအပ်သည့် ဆက်လက် အကောင် အထည်ဖော်ရမည့်အစီအမံများကို ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်းသိရပါသည်။

ကိုလိန်း(ပြန်/ဆက်)