ဖျာပုံမြို့၌"Physical Fitness Dance Online Challenge" ပြိုင်ပွဲဆုချီးမြှင့်ပွဲကျင်းပ

ဖျာပုံ  ဒီဇင်ဘာ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ကျင်းပပြုလုပ်သော (၄)မြို့နယ်ဖိတ်ခေါ် "Physical Fitness Dance Online Challenge" ပြိုင်ပွဲဆုချီးမြှင့်ပွဲကို ယမန်နေ့ နေ့လယ်(၁)နာရီက ဖျာပုံမြို့ ပြည်သူ့အားကစား ခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ဖျာပုံခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်စန္ဒာဦးက "Physical Fitness Dance Online Challenge" ပြိုင်ပွဲ ကျင်းပရခြင်းမှာ "ကျွန်မတို့ ကမ္ဘာသူ ကမ္ဘာသားများနှင့် မြန်မာပြည်သူများ ကြုံတွေ့ နေရသည့် ကမ္ဘာ့ကပ်ဆိုးရောဂါကြီးဟာ နေရာတိုင်းမှာ ဆိုးဝါးစွာ ပြန့်နှံ့နေပြီဖြစ်ရာ ထိုရောဂါ ဆိုးကြီးကို ခုခံအားကောင်းကောင်းဖြင့် ခုခံနိုင်ဖို့ဆိုရင် အားကစားလုပ်ငန်းတွေကို ဆောင်ရွက် နိုင်ဖို့ လိုအပ်ပါတယ်။ ကျွန်မတို့က လူစုလူဝေးတွေ မလုပ်ရတဲ့အတွက် ပြိုင်ပွဲတွေများစွာကို အွန်လိုင်းပေါ်ကနေ လေ့ကျင့်ခန်းတွေ ပြုလုပ်ပြီးတော့ ပြိုင်ပွဲတွေပြုလုပ်ပေးရခြင်း ဖြစ်ပါတယ်။ ဒါကြောင့် အိမ်မှာနေရင်း လေ့ကျင့်ခန်းတွေ ပြုလုပ်တဲ့အခါမှာ ကိုယ်ခံစွမ်းအားတွေ ရလာမယ်။ ဆီးချို၊ သွေးချို၊ နှလုံး၊ သွေးတိုးရောဂါများအပြင် အခြား ဖျားနာခြင်းစသည့် ရောဂါများကိုပါ ခံနိုင်ရည်ရှိရှိဖြင့် တွန်းလှန် ကာကွယ်လာနိုင်မည် ဖြစ်ကြောင်း" ပြောကြားသည်။

ထိုနောက် ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြိုင်ပွဲတွင် ဆုရရှိကြသူများအား ဆုများအသီးသီးပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်