ကယားပြည်နယ်ဝန်ကြီးချုပ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အခြေခံပညာကျောင်းများနှင့် ခရိုင်မီးသတ်တပ်ဖွဲ့ရုံးအား ကြည့်ရှုစစ်ဆေး

လွိုင်ကော် ဖေဖော်ဝါရီ ၂၀

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက လွိုင်ကော်-လောပိတလမ်း ရှုခင်းသာ View Point မြေယာရှုခင်းလုပ်ငန်း ဆောင်ရွက်မှု၊ အခြေခံပညာကျောင်းများ ပြန်လည်ပြုပြင်ဆင်ဆောင်ရွက်မှုနှင့် ခရိုင်မီးသတ်ဦးစီးဌာနရုံး ဖွင့်လှစ်မှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့၊ ဘီလူးချောင်းကမ်းနား လွိုင်ကော်-လောပိတလမ်းမကြီးတစ်လျှောက်တွင် မြို့နေပြည်သူများ စိတ်လက်အေးချမ်းစွာ အပန်းဖြေအနားယူနိုင်ရန်နှင့် မြို့တော်၏အင်္ဂါရပ်နှင့်အညီဖြစ်စေရန် ဆောင်ရွက်ထားရှိသည့် ရှုခင်းသာ View Point မြေယာရှုခင်းလုပ်ငန်းများ အပြီးသတ်ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ကြည့်ရှုစစ်ဆေးသည်။ ပြည်နယ်ဝန်ကြီးချုပ်က ရှုခင်းသာ View Point မြေယာရှုခင်းနေရာအား အမြဲသန့်ရှင်းသာယာပြီး ရေရှည်တည်တံ့နေစေရေးနှင့် ပန်းအလှပင်များ ပျက်စီးမှုမရှိစေရေး စဉ်ဆက်မပြတ် ထိန်းသိမ်းဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့၊ အခြေခံပညာ အထက်တန်းကျောင်းခွဲ(လောဓမ္မ)သို့ ရောက်ရှိပြီး ကျောင်းခန်းမဆောင်အား ကွန်ကရစ်ခင်း၊ အုတ်စီ၊ ပြတင်းတံခါးတပ်ဆင်၍ ဘက်စုံအသုံးပြုနိုင်ရန်အတွက် ပြုပြင်မွမ်းမံဆောင်ရွက်ပြီးစီးမှု၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ သောက်သုံးရေအဆင်ပြေစေရန်အတွက် ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသော လီတာ(၁၀၀၀)ဆံ့ ရေသန့်စက်တပ်ဆင်ပြီးစီးမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာကြီးက လုပ်ငန်းများဆောင်ရွက်မှုအား ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ လွိုင်ကော်မြို့၊ နမ့်ဘော်ဝမ်(ရှမ်း) အခြေခံပညာမူလတန်းလွန်ကျောင်းသို့ ရောက်ရှိကာ ကျောင်းဝန်းအတွင်း ထိခိုက်ပျက်စီးခဲ့သည့် စာသင်ဆောင်အမိုးနှင့် မျက်နှာကြက်များ ပြန်လည်ပြုပြင် ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများသတ်မှတ်စံချိန်စံညွှန်း ပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေး၊ ကျောင်းပရိဝုဏ်အတွင်း သန့်ရှင်းသာယာရေးနှင့် လာမည့်ပညာသင်နှစ်တွင် ကျောင်းပြန်လည်ဖွင့်လှစ်သင်ကြားနိုင်ရေး လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခရိုင်မီးသတ်ဦးစီးဌာနရုံးသို့ ရောက်ရှိကာ ထိခိုက်ပျက်စီးခဲ့သည့် ခရိုင်မီးသတ်ဦးစီးမှူးရုံးပြန်လည်ပြုပြင်ပြီး ရုံးပြန်လည် ဖွင့်လှစ်ဆောင်ရွက်နေမှု၊ ဝန်ထမ်းအိမ်ရာများ နေရာချထားမှု၊ ခရိုင်ရုံးပရိဝုဏ်အတွင်း သန့်ရှင်းသာယာရေး ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးရာ ပြည်နယ်မီးသတ်ဦးစီးမှူးနှင့် ခရိုင်မီးသတ်ဦးစီးမှူးတို့က လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြကြသည်။ ပြည်နယ်ဝန်ကြီးချုပ်က ခရိုင်မီးသတ်တပ်ဖွဲ့ဝင်များအား ပွင့်လင်းရာသီရောက်ရှိပြီဖြစ်၍ မီးဘေးအန္တရာယ်ကာကွယ်ရေးအတွက် သင့်()သင့်ဖြင့် အသင့်ရှိနေစေရန်၊ ပြည်သူက အားကိုးအားထားပြုရသည့် မီးသတ်တပ်ဖွဲ့ဝင်များဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ရန်မှာကြားခဲ့ပြီး ချီးမြှင့်ငွေပေးအပ်ခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)