လယ်ဝေးမြို့နယ် ညောင်ကုန်းကျေးရွာတွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်း ပထမအကြိမ်ထုတ်ချေးမည့် အခမ်းအနားကျင်းပ

လယ်ဝေး  ဖေဖော်ဝါရီ  ၂၂

ကျေးလက်နေပြည်သူများ တပိုင်တနိုင်လုပ်ငန်းများ အကျိုးရှိစွာဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း ပထမအကြိမ်ထုတ်ချေးမည့် အခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၁)နာရီက လယ်ဝေးမြို့နယ် ညောင်ကုန်းကျေးရွာ ဘုန်းကြီးကျောင်း၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ညောင်ကုန်းကျေးရွာရာအိမ်မှူး ဦးစန်းလွင်က အဖွင့်အမှာစကား ပြောကြားပြီး လယ်ဝေးမြို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်သူရက ထုတ်ချေးပေးသည့်‌ငွေ အရင်းအနှီးဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အရောင်းအဝယ်လုပ်ငန်းများတွင် လက်တွေ့ကျကျအသုံးချရန်နှင့် ဖွံ့ဖြိုးတိုးတက်သော ကျေးရွာဖြစ်ပေါ်လာစေရန် ပြောကြားသည်။ ထို့နောက် ညောင်ကုန်းကျေးရွာ မြစိမ်းရောင် ရန်ပုံငွေကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးကျော်သင်းက ချေးငွေထုတ်ချေးမှုနှင့် ပတ်သက်၍ ကျေးရွာနေပြည်သူများအား ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နီနီအေးက ထုတ်ချေးပေးသည့် စည်းမျဉ်းစည်းကမ်းများနှင့် လုပ်ငန်းများဆောင်ရွက်ပါက(၂)ပတ်တစ်ခါ ကြည့်ရှုစစ်ဆေးသွားမည်ဖြစ်ကြောင်း ပြောကြားပြီး အသင်းသူ၊ အသင်းသား (၁၁၉)ဦးထံသို့ ချေးငွေများ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။

နေဇော်ချစ်(ပြန်/ဆက်)