မိုင်းလုံ ဒီဇင်ဘာ ၆
မိုင်းလုံမြို့တွင် မွေးကင်းစမှ အသက် (၁)နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး တိုက် ကျွေးထိုးနှံခြင်းကို ယမန်နေ့ နံနက် (၉)နာရီအချိန်ခန့်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့၊ တိုက်နယ်ကျန်းမာရေးဌာနတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့သည်။
အဆိုပါကာကွယ်ဆေးထိုးနှံပေးရာတွင် ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါကြောင့် ကလေးတစ်ဦး အုပ်ထိန်းသူ မိဘတစ်ဦးသာလာရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် အကြောင်းကြားကာ ဆောင်ရွက်ခဲ့ကြောင်း၊ ကာကွယ်ဆေးထိုးနှံရာတွင် လူစုလူဝေးမဖြစ်စေရေးအတွက် ရပ်ကွက်(၆) ရပ်ကွက်ကိုအလှည့်ကျစနစ်ဖြင့် ထိုးနှံပေးခဲ့ခြင်းဖြစ်ကြောင်း မိုင်းလုံမြို့ တိုက်နယ် ကျန်းမာရေးဌာနမှ သိရသည်။
ထို့သို့ ပုံမှန်ကာကွယ်ဆေး တိုက် ကျွေးထိုးနှံခြင်း ဆောင်ရွက်ရာတွင် တိုက်နယ် ကျန်းမာရေး ဌာနမှ သားဖွားဆရာမ ဒေါ်ထိုက်ထိုက်စံနှင့် ကျန်းမာရေး ဝန်ထမ်းများက မွေးကင်းစမှ အသက် (၁)နှစ်ခွဲအရွယ် ကလေးငယ်များအား အသက်အရွယ်အလိုက် ဘီစီဂျီ၊ ပြင်းထန်အဆုပ်ရောင်၊ ဆုံဆို့ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါဘီ ကာကွယ်ဆေး၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ် ကာကွယ်ရေး)၊ ဝက်သက်နှင့် ဂျိုက်သိုးရောဂါကာကွယ်ဆေး ၊ ဂျပန် ဦးနှောက်ရောင် ရောဂါကာကွယ်ဆေး ထိုးနှံခြင်း၊ ပိုလီယိုကာကွယ်ဆေး၊ ပြင်းထန် ဝမ်းပျက်ဝမ်းလျှော (ရိုတာ) ကာကွယ်ဆေးတိုက် ကျွေးပေးပြီး၊ ကလေးငယ်များအား ကိုယ်အလေးချိန်တိုင်းပေးခြင်း၊ ကျန်းမာရေး စစ်ဆေးပေးခြင်းများနှင့် ကိုယ်ဝန်ဆောင် မိခင်များကို ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
ဇော်ဇော်(ပြန်/ဆက်)