လွိုင်ကော် ဖေဖော်ဝါရီ ၂၁
ကယားပြည်နယ်မီးသတ်ဦးစီးဌာနမှဖွင့်လှစ်သော အရန်မီးသတ်တပ်ဖွဲ့ဝင်များ မွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၅)ကို ယမန်နေ့နံနက်ပိုင်းက ပြည်နယ်မီးသတ်ဦးစီးဌာနမှူးရုံး၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် “ခြောက်သွေ့ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ်ကျရောက်လာပါက မီးငြှိမ်းသတ်ခြင်းနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းကူညီဆောင်ရွက်နိုင်ရန် ရည်ရွယ်ဖွင့်လှစ်ပေးခြင်း ဖြစ်ပါကြောင်း၊ ယခုသင်တန်းတွင် သင်ကြားပို့ချမည့် သင်ခန်းစာများနှင့် ခေတ်မီမီးငြှိမ်းသတ်ကိရိယာများကို ကျွမ်းကျင်စွာ ကိုင်တွယ်အသုံးပြုနိုင်အောင် စနစ်တကျ ကြိုးစားလေ့လာ သင်ယူကြစေလိုကြောင်း၊ အများအကျိုး သယ်ပိုးဆောင်ရွက်ရသည့် လုပ်ငန်းဖြစ်ပြီး သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ကူညီကယ်ဆယ်ရေး လုပ်ငန်းများတွင် မိမိ ရပ်ရွာ၊ မြို့နယ်၊ ပြည်နယ်အတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးရန် တိုက်တွန်းပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မီးသတ်တပ်ဖွဲ့ဝင်များအတွက် ချီးမြှင့်ငွေများပေးအပ်ရာ ပြည်နယ်မီးသတ်ဦးစီးဌာနမှူးက လက်ခံရယူပြီး ပြည်နယ်မီးသတ်ဦးစီးမှူးက အရန်မီးသတ်တပ်ဖွဲ့ မွမ်းမံသင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်က အရန်မီးသတ်တပ်ဖွဲ့ဝင်သင်တန်းသားများအား ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးစကား ပြောကြားခဲ့သည်။
ကယားပြည်နယ် အရန်မီးသတ်တပ်ဖွဲ့ဝင် မွမ်းမံသင်တန်း (၁/၂၀၂၅)ကို လွိုင်ကော်မြို့နယ်ရှိ အရန်မီးသတ်တပ်ဖွဲ့ဝင် သင်တန်းသား(၆၀)ဦးဖြင့် မီးလောင်မှု အခြေခံသဘောတရား၊ အခြေခံ(လက်နက်မဲ့)စစ်ပညာ၊ မီးသတ်စက်ကြီး/စက်ကလေး သင်ခန်းစာ၊ လက်တွေ့ဆီမီးငြှိမ်းသတ်ခြင်း၊ Hydraulic Rescue Tool အသုံးပြုနည်း၊ မီးသတ်တပ်ဖွဲ့သုံး ရေပက်ပိုက်များ အသုံးပြုနည်း၊ အခြေခံကြိုးချည်နည်း၊ ခေတ်မီရှာဖွေကယ်ဆယ်ရေး ပစ္စည်းများ လက်တွေ့အသုံးပြုနည်းနှင့် မီးခိုးအန္တရာယ်ကြုံလာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် တတ်စေရန်စသည့် သင်ခန်းစာများအား ရက်သတ္တ(၁)ပတ် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)