တနိုင်းမြို့နယ်မှ ပထမဆုံး ကိုဗစ်-၁၉ အတည်ပြုလူနာ(၁)ဦး ဆေးရုံဆင်းခွင့်ရရှိ

တနိုင်း ဒီဇင်ဘာ ၆

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် ပထမဆုံး ကိုဗစ်-၁၉ အတည် ပြုလူနာ ဖြစ်သည့် တနိုင်းမြို့နယ်မှ အသက် ၂၂ နှစ်အရွယ်ရှိ ရဲတပ်ဖွဲ့ဝင်(၁)ဦးသည် ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန၏ ဆေးရုံဆင်းခွင့်ပြုရန် သတ်မှတ်ချက်များနှင့် ကိုက်ညီ၍ ဒီဇင်ဘာ ၄ ရက် နေ့လယ်ပိုင်းအချိန်က ဆေးရုံမှဆင်းခွင့်ရရှိကြောင်း သိရသည်။

အဆိုပါ ဆေးရုံဆင်းခွင့်ရရှိသူအား မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းထွန်းဝင်းနှင့် တာဝန်ရှိသူများက ဆေးရုံ ဆင်းပြီးနောက် နေအိမ်တွင် Home Quarantine (၇)ရက် ဆက်လက်နေထိုင်ရန်နှင့် ကျန်းမာရေးညွှန်ကြားချက်များအတိုင်း လိုက်နာရန် မှာကြားပြီး အားပေးစကားပြောကြားသည်။

တနိုင်းမြို့နယ်တွင် ယင်းဆေးရုံဆင်းခွင့်ရရှိသူသည် ပထမဆုံး ကိုဗစ်- ၁၉ အတည်ပြု လူနာများဖြစ်ကာ ဆေးရုံဆင်းသတ်မှတ်ရက် ပြည့်မြောက်ပြီး ကျန်းမာရေးကောင်းမွန်ပြီ ဖြစ်သောကြောင့် ဆေးရုံဆင်းခွင့် ပြုလိုက်တာ ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီး ဌာနမှ သိရသည်။

စိုင်းထင်ကျော်(ပြန်/ဆက်)