ကယားပြည်နယ်ဝန်ကြီးချုပ် စက်မှုလယ်ယာ စနစ်ကျလယ်မြေဖော်ထုတ်ခြင်း လုပ်ငန်းစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မှု၊ ရေစုကန်များပြုပြင်မှုနှင့် စံပြစိုက်ခင်းများဆောင်ရွက်မှု ကြည့်ရှုစစ်ဆေး

လွိုင်ကော်      ဖေဖော်ဝါရီ     ၂၁

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အရှိန်အဟုန်ဖြင့် ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ နွားလဝိုးကျေးရွာအုပ်စု၊ ပဒါးညေးကျေးရွာ စနစ်ကျလယ်မြေဖော်ထုတ်ခြင်း လုပ်ငန်းစီမံကိန်းဆောင်ရွက်မှု၊ တိမ်ကောနေသည့် ပဒါးညေးကန် ပြန်လည်တူးဖော်မှုနှင့် စံပြဟင်းသီးဟင်းရွက် စိုက်ခင်းများ ဆောင်ရွက်မှုတို့အား ကြည့်ရှုစစ်ဆေးခဲ့သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့၊ နွားလဝိုးကျေးရွာ အုပ်စု၊ ပဒါးညေးကျေးရွာ စက်မှုလယ်ယာ စနစ်ကျလယ်မြေဖော်ထုတ်ခြင်း လုပ်ငန်းစီမံကိန်း နေရာသို့ ရောက်ရှိပြီး ရှင်းလင်းဆောင်၌ ပြည်နယ်စက်မှုလယ်ယာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက စနစ်ကျလယ်မြေစီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ မဖော်ထုတ်မီ၊ ဖော်ထုတ် ပြီးစီးမှုနှင့် အကျိုးပြုမည့် အခြေအနေများ၊ ပြည်နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ စနစ်ကျလယ်မြေ ဖော်ထုတ်ပြီးပါက စိုက်ပျိုးရေရရှိရေး ရေသွယ်မြောင်းများဖြင့် သွယ်ယူရေပေးဝေနိုင်မည့် အခြေအနေများနှင့် ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ စနစ်ကျ လယ်မြေစီမံကိန်း ဖော်ထုတ်ပြီးစီးပါက မြေဆီ၊ မြေသြဇာ ကောင်းမွန်စေရေးနှင့် နှစ်သီးမှ သုံးသီးအထိ အောင်မြင်အောင် စိုက်ပျိုးနိုင်ရေး ကူညီဆောင်ရွက်ပေးမည့် အခြေအနေများအား အသီးသီးရှင်းလင်း တင်ပြကြသည်။

ယင်းနောက် စနစ်ကျလယ်မြေ ဖော်ထုတ်မှု၊ ကုန်ထုတ်လမ်းများ ဖောက်လုပ်ထားမှု၊ ရေသွယ်မြောင်းများ အဆင့်မြှင့်တင် ဆောင်ရွက်ပေးနေမှု အခြေအနေများအား အသေးစိတ် ကြည့်ရှု စစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က စနစ်ကျလယ်မြေဖော်ထုတ်ခြင်းလုပ်ငန်း သတ်မှတ်ချိန်အမီ ပြီးစီးရေး၊ စိုက်ပျိုးရာသီတွင် တောင်သူများမှ မျိုးကောင်းမျိုးသန့်များသုံးစွဲ၍ စနစ်တကျစိုက်ပျိုး နိုင်ရေး၊ ရေပေးမြောင်းဖောက်လုပ်ခြင်းအား သတ်မှတ်စံချိန်စံညွှန်းများအတိုင်း ဆောင်ရွက်ပြီး စနစ်တကျ ရေပေးဝေဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းပေးခဲ့သည်။

ထို့နောက် စနစ်ကျလယ်မြေမှ ရေပိုရေလျှံများကို ရေသွယ်မြောင်းဖြင့် သွယ်ယူသိုလှောင်မည့် တိမ်ကောလျက်ရှိသော ပဒါးညေးကျေးရွာ ရေစုကန် သဲနုန်းတူးဖော်ခြင်း၊ ကန်ပေါင်ပြုပြင်ခြင်းနှင့် ရေပေးမြောင်းပုံစံကျပြုပြင်ခြင်း လုပ်ငန်းများကို လူအင်အား၊ စက်ယန္တရားများဖြင့် ဆောင်ရွက် နေမှုအား ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းဆောင်ရွက်မှုများ သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြား ပြီး ကျေးရွာနေတောင်သူများနှင့် တွေ့ဆုံကာ ကန်ပြုပြင်ဆောင်ရွက်ပြီးပါက စိုက်ပျိုးရေးလုပ်ငန်းများ ကို ယခင်ထက် ပိုမိုတိုးတက်အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ရန်နှင့် လိုအပ်သည့် အကူအညီ များကို သက်ဆိုင်ရာဌာနများက ကူညီပံ့ပိုးပေးရန်အတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။ 

၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နောင်ယား(က)ရပ်ကွက်ရှိ စံပြ ဟင်းသီးဟင်းရွက်စိုက်ခင်းသို့ ရောက်ရှိကာ သီးနှံစိုက်ခင်းများ ရှင်သန်ဖွံ့ဖြိုးနေမှုအား ကြည့်ရှု စစ်ဆေးပြီး စံပြဟင်းသီးဟင်းရွက်စိုက်ပျိုးမှုအား စဉ်ဆက်မပြတ်စိုက်ပျိုးရန်နှင့် တောင်သူများအား လက်တွေ့သရုပ်ပြသမှုများကို မပြတ်ဆောင်ရွက်ပြီး ပြည်နယ်၏စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးအတွက် အထောက်အပံ့ကောင်း ဖြစ်စေရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့သည်။

လွိုင်ကော်မြို့၊ နွားလဝိုးကျေးရွာအုပ်စု၊ ပဒါးညေးကျေးရွာ စက်မှုလယ်ယာ စနစ်ကျလယ်မြေ ဖော်ထုတ်ခြင်း လုပ်ငန်းစီမံကိန်းအား တောင်သူ(၆၇)ဦး၏ လယ်မြေ(၁၅၅.၄၅)ဧက၊ မူလလယ်မြေ အကွက်ပေါင်း(၅၈၂)ကွက်မှ စနစ်ကျလယ်မြေအကွက်ပေါင်း (၁၅၉)ကွက် ဖော်ထုတ်ခဲ့ခြင်းဖြစ်ပြီး နွားလဝိုးနှင့် ပဒါးညေးရေစုကန် (၂)ခု ပြင်ဆင်ပြီးပါက လယ်မြေဧကပေါင်း(၂၅၀)ကျော်ကို ရေများ ပေးဝေစိုက်ပျိုးသွားနိုင်မည်ဖြစ်သဖြင့် ယခင်မိုးသီးနှံတစ်ခုသာ စိုက်ပျိုးရာမှ တစ်နှစ်ပတ်လုံး သုံးသီးအထိ စိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)