မြိတ် ဒီဇင်ဘာ ၆
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ ဆိပ်ငယ်ရပ်ကွက်ရှိ ဆိပ်ငယ်ဈေးကြီးတွင် မီးဘေးကြိုတင်ကာကွယ်ရေး၊ ဈေးအတွင်းတပ်ဆင်ထားသော မီးသတ်ပစ္စည်းကိရိယာများ၏ စွမ်းဆောင်နိုင်မှု အခြေအနေ သိရှိနိုင်ရန်နှင့် အရေးပေါ်ဖြစ်ပွားပါက မီးသတ်တပ်ဖွဲ့မှ လွယ်ကူစွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ချက်ဖြင့် မီးငြိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် ဈေးမီးဘေးလုံခြုံရေး စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။
ဇာတ်တိုက်လေ့ကျင့်ရာတွင် Fire Point နေရာသတ်မှတ်ခြင်း၊ တာဝန်ကိုယ်စီခွဲဝေခြင်းနှင့် အစီအစဉ်ရှင်းလင်းခြင်း၊ မီးငြိမ်းသတ်ရေးအဖွဲ့မှ သတ်မှတ်နေရာသို့ ရောက်ရှိနေရာယူပြီး ဈေးအတွင်းရှိ Fire Point နေရာအား ဝင်ရောက်၍ မီးထိန်းခြင်းနှင့် မီးငြိမ်းခြင်း၊ ရဲတပ်ဖွဲ့ဝင်များမှ ဈေးအပြင်စည်းလုံခြုံရေး ဆောင်ရွက်ခြင်း၊ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ယာဉ်လမ်းကြောင်း ရှင်းလင်းခြင်းများအား ဇာတ်တိုက် လေ့ကျင့်ခဲ့ကြပြီး ဈေးအတွင်း တပ်ဆင်ထားသော မီးသတ်ပစ္စည်း ကိရိယာများအား တာဝန်ရှိသူများက လိုက်လံစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။
ဇာတ်တိုက် လေ့ကျင့်ခြင်းကို မြိတ်ခရိုင် မီးသတ်ဦးစီးဌာနမှူး ဦးဇော်ဝင်း ဦးဆောင်၍ သန တပ်ဖွဲ့ဝင်များ၊ ဈေးသီးသန့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များဖြင့် မီးငြိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ အုပ်ချုပ်မှုယာဉ်(၁)စီး၊ စုစုပေါင်း(၃)စီးတို့ဖြင့် ဆောင်ရွက် ခဲ့ကြသည်။
ဇာတ်တိုက်လေ့ကျင့်မှုအား မြိတ်မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးမြတ်ကိုကို၊ မြို့နယ် စည်ပင်သာယာရေး အဖွဲ့အမှုဆောင်အရာရှိ ဦးကြည်စိုးနှင့် တာဝန်ရှိသူများ၊ မြိတ်မြို့မရဲစခန်းမှူး ဒုရဲမှူးချိုလွင်၊ ဈေးကော်မတီတို့ ကြည့်ရှု အားပေးခဲ့ကြသည်။
ဇာတ်တိုက်လေ့ကျင့်မှုအပြီးတွင် ဈေးကော်မတီရုံးခန်း၌ ဇာတ်တိုက်လေ့ကျင့်မှု အားသာချက် အားနည်းချက်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး (မြိတ် ပြန်/ဆက်)