ကယားပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အားကစားကွင်းနှင့် အားကစားရုံများ ပြင်ဆင်ဆောင်ရွက်မှုနှင့် သန့်ရှင်းသာယာရေးဆောင်ရွက်မှုများ ကြည့်ရှုစစ်ဆေး

လွိုင်ကော် ဖေဖော်ဝါရီ ၂၂

ကယားပြည်နယ်အတွင်း နွေရာသီကာလ ကျောင်းအားလပ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးစေရန်အတွက် နွေရာသီအခြေခံ အားကစားသင်တန်းများကို ဖွင့်လှစ်ပေးသွားမည်ဖြစ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ပြည်နယ်အားကစားကွင်းအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ပေးနေမှုနှင့် အားကစားရုံများ ပြုပြင်ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက ပြည်နယ်အားကစားကွင်းပရိဝုဏ် အတွင်း/အပြင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးသည်။ ထို့နောက် ပြည်နယ်အားကစားကွင်းအတွင်းရှိ ကြက်တောင်နှင့် စားပွဲတင်တင်းနစ်အားကစားရုံ၊ ဖူဆယ်ဘောလုံးအားကစားရုံ၊ ကရာတေးအားကစားရုံများပြုပြင်နေမှု၊ ဘောလုံးကွင်းအရှေ့ဘက်ပွဲကြည့်စင်နှင့် အထူးတန်းပွဲကြည့်စင်အမိုးများ ပြုပြင်ဆောင်ရွက်ပြီးစီးမှု၊ မီတာ ၄၀၀ Synthetic ပြေးလမ်း ပြန်လည်ပြုပြင်ဆောင်ရွက်မည့် အခြေအနေများအား ကြည့်ရှုစစ်ဆေးရာ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးက လုပ်ငန်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ပြည်နယ်ညွှန်ကြားရေးမှူးရုံးနှင့် ခရိုင်၊ မြို့နယ်ရုံးများအား မူလရုံးနေရာများ၌ ပြန်လည်ဖွင့်လှစ်သွားရန်၊ အားကစားရုံပြုပြင်ခြင်းလုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်း ပြည့်မီစွာ အချိန်မီပြီးစီးရေးကြပ်မတ်ရန်၊ ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်မောင်မယ်များ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် နွေရာသီအခြေခံအားကစား သင်တန်းများကို စနစ်တကျဖွင့်လှစ်သင်ကြားပေးနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)