လွိုင်ကော် ဖေဖော်ဝါရီ ၂၂
ကယားပြည်နယ်အစိုးရအဖွဲ့ကြီးကြပ်မှုဖြင့် ကယားပြည်နယ်ဥပဒေချုပ်ရုံးမှ ပြုလုပ်သည့် ဥပဒေ အသိပညာပြန့်ပွားရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အမိနိုင်ငံတော်အတွင်း ကိုင်တွယ်ကျင့်သုံး ဆောင်ရွက်လျက်ရှိသည့် ဥပဒေများ၏ဆက်နွှယ်မှုနှင့် ဥပဒေအကြောင်းကို သိရှိနားလည်တတ်ကျွမ်းပြီး လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အမှားအယွင်းကင်းစွာဖြင့် အကျိုးရှိမှန်ကန်ထိရောက်သော စီမံခန့်ခွဲမှုအလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းတွင်ပို့ချသော ဥပဒေအသိပညာများကို လေ့လာမှတ်သားပြီး နိုင်ငံတော်နှင့် ပြည်နယ်အတွက် အားထားရသည့် အထောက်အပံ့ကောင်းများ ဖော်ဆောင်ပေးနိုင်မည့် ဌာန၊ အဖွဲ့အစည်းများအဖြစ် ရပ်တည်ပံ့ပိုးသူများဖြစ်အောင် ကြိုးပမ်းကြရန် တိုက်တွန်းလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းအတွက် ချီးမြှင့်ငွေများပေးအပ်ရာ ပြည်နယ်ဥပဒေအရာရှိ ဦးကျော်မင်းနိုင်က လက်ခံရယူပြီး ပြည်နယ်ဥပဒေအရာရှိက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းတင်ပြသည်။ ထို့နောက် ဌာနဆိုင်ရာများ၊ သင်တန်းသား၊ သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်စကား ပြောကြားခဲ့သည်။
ကယားပြည်နယ် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၅) တွင် ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာ (၇၀)မှ ဦးစီးအရာရှိမှ ညွှန်ကြားရေးမှူးအဆင့်အထိ အရာထမ်း (၁၀၀)ဦးတက်ရောက်ပြီး သင်တန်းကာလ (၃)ရက်အတွင်း ဥပဒေ (၁၁)မျိုးအား ပို့ချဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)