တာလေ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ပူးပေါင်းစစ်ဆေးရေးဂိတ်အား နေရာရွှေ့ပြောင်းဆောင်ရွက်

တာလေ        ဒီဇင်ဘာ        ၇

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် ပူးပေါင်းစစ်ဆေးရေးဂိတ်အား မြို့အဝင်နတ်စင်နေရာသို့ ဒီဇင်ဘာလ ၂ ရက်က ရွှေ့ပြောင်းခဲ့ပြီး ယမန်နေ့တွင် ရောဂါ စစ်ဆေးရေးလုပ်ငန်းများ အရှိန်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။

တာလေမြို့နှင့် ထိစပ်လျက်ရှိသော တာချီလိတ် - မိုင်းဖြတ်မြို့များတွင် ကိုဗစ်-၁၉ ရောဂါ positive တွေ့ရှိမှုမှာ နေ့စဉ် မြင့်တက်နေခြင်းကြောင့် မြို့ဝင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၄ နာရီခွဲအချိန်အထိ ကား၊ ဆိုင်ကယ်များဖြင့် ဖြတ်သန်းသွားလာနေကြသော ခရီးသွား ပြည်သူများအား ရောဂါစစ်ဆေးမှုများ တင်းကြပ်စွာ စစ်ဆေးဆောင်ရွက်ရေး၊ ပြင်ပမှ ဝင်ရောက်လာသူတိုင်း သက်ဆိုက်ရာ ထောက်ခံချက်ပါရှိမှသာ မြို့တွင်းသို့ ဝင်ရောက် ဖြတ်သန်းခွင့်ပြုရေး၊ ခရီးသွားရာဇဝင်ကောက်ယူခြင်း၊ စာရင်းရေးသွင်းခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်းနှင့် မည်သူမဆို ခရီးသွားလာမည်ဆိုပါက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ညွှန်ကြားချက်များအတိုင်း နှာခေါင်း စည်း (Mask) မဖြစ်မနေ တပ်ဆင်သွားလာရေး အလေးထား လိုက်နာဆောင်ရွက်ရေးနှင့် (Mask)များ အခမဲ့တပ်ဆင်ပေးခြင်းနှင့် ရောဂါစစ်ဆေးရေး လုပ်ငန်းများကို အရှိန်မြှင့်တင် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ထိုသို့ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ပူးပေါင်းစစ်ဆေး ဆောင်ရွက်ခြင်းကို တာလေမြို့ ကိုဗစ်-၁၉ ရောဂါစောင့်ကြပ်စစ်ဆေးရေး ကော်မတီဝင်များဖြစ်သည့် ဌာနဆိုင်ရာများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးများ၊ တာလေမြို့ လောကပါလပရဟိတ လူမှုကူညီရေး အသင်းတို့ ပါဝင်သော ပူးပေါင်းအဖွဲ့ငယ်ဖြင့် နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၄ နာရီခွဲအထိ အလှည့်ကျ တာဝန်ချစနစ်ဖြင့် နေ့စဉ်တင်းကြပ်စွာ စောင့်ကြပ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။   

အောင်ကျော်မိုး (ပြန်/ဆက်)