ကချင်ပြည်နယ်ဝန်ကြီးချုပ် ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းကြီးများအား ပင်စင်လစာထုတ်ပေးခြင်းနှင့် အခမဲ့ကျန်း‌မာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား ဖေဖော်ဝါရီ ၂၅

ကချင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ခရိုင်/ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက Pfizer Comirnaty Omicron XBB.1.5 ထိုးနှံပေးခြင်းအခမ်းအနားကို ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၁၀ နာရီ ပြည်နယ်အစိုးရအဖွဲ့ရုံး ဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ယင်းသို့ ကျန်းမာရေးဝန်ထမ်းများက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနေမှုလုပ်ငန်းများကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး ကာကွယ်ဆေးထိုးနှံပေးကြသည့် ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာတင့်နိုင်နှင့် ကျန်းမာရေးဝန်ထမ်းများအား ချီးမြှင့်ငွေကျပ် ၅ သိန်းကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ ကုတင်-၅၀၀ ဆံ့ပြည်သူ့ဆေးရုံကြီးအတွင်း အငြိမ်းစားနိုင်ငံ့ဝန်ထမ်းကြီးများအား မြန်မာ့စီးပွားရေးဘဏ် (မြစ်ကြီးနားဘဏ်ခွဲ)မှ ပင်စင်လစာထုတ်ပေးခြင်းနှင့် ပြည်နယ်ကုသရေးဦးစီးဌာနက အခမဲ့ကျန်းမာရေး စစ်ဆေးကုသပေးခြင်းလုပ်ငန်းများ တပြိုင်တည်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပင်စင်စားအငြိမ်းစားဝန်ထမ်းကြီးများအား ပြည်နယ်အစိုးရအဖွဲ့က မုန့်နှင့်ကွေကာအုပ်များ ဒါနပြုကျွေးမွေးနေမှုအခြေအနေများ၊ မြန်မာ့စီးပွားရေးဘဏ် (မြစ်ကြီးနား)မှ ပင်စင်လစာများ စနစ်တကျ ထုတ်ပေးနေမှုအခြေအနေများနှင့် မြစ်ကြီးနားပြည်သူ့ဆေးရုံ၊ ဆေးရုံအုပ်ကြီးနှင့် အထူးကုဆရာဝန်များ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများက ပင်စင်စားအငြိမ်းစားဝန်ထမ်းကြီးများအား ကျန်းမာရေးစစ်ဆေးပြီး ကုသရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကာ ဘဏ်ဝန်ထမ်းများနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အဆိုပါ ကျန်းမာရေးစောင့်‌ရှောက်မှုပေးခြင်းလုပ်ငန်းကို ကချင်ပြည်နယ်အတွင်းရှိ ခရိုင်နှင့် မြို့နယ်အလိုက် လစဉ်အငြိမ်းစားနိုင်ငံ့ဝန်ထမ်းကြီးများ ပင်စင်လစာထုတ်ယူလာချိန်တွင် ဆောင်ရွက်ပေးလျက်ရှိပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလအထိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်း ၁၅,၃၉၇ ဦးတို့အား စောင့်‌ရှောက်မှုပေးနိုင်ခဲ့ကြောင်း သိရသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ မြစ်ကြီးနားမြို့၌ ကချင်ပြည်နယ် MSME ထုတ်ကုန် ဈေးရောင်းပွဲတော် ကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME လုပ်ငန်းများတိုးတက်မြင့်မားလာစေရေးနှင့် လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေးအတွက် အရှိန်အဟုန်ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်များအားလုံး ပူးပေါင်းကြိုးပမ်းဆောင်ရွက်မှုကြောင့် အတိုင်းအတာတစ်ခုအထိ တိုးတက်အောင်မြင်ခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ မြစ်ကြီးနားမြို့တွင် MSME ထုတ်ကုန်ဈေးရောင်းပွဲတော် စည်ကားသိုက်မြိုက်အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး လိုအပ်သည်များကို ဆွေးနွေးဆောင်ရွက်သွားကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးခင်မောင်ဆင့်က ဈေးရောင်းပွဲတော် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ဦးစီးကော်မတီနှင့် ဆပ်ကော်မတီများ ဖွဲ့စည်းဆောင် ရွက်ထားရှိမှုအခြေအနေများကို လည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးက ဆပ်ကော်မတီအလိုက် စနစ်တကျပူးပေါင်းဆောင်ရွက်သွားရမည့် လုပ်ငန်းအစီအမံများကို လည်းကောင်း၊ တက်ရောက်လာကြသည့် ပြည်နယ်ဌာနဆိုင်ရာတာဝန်ရှိသူများက မြစ်ကြီးနားမြို့ ဧရာဝတီရှုခင်းသာ အပန်းဖြေစခန်းအတွင်း ဈေးရောင်းပွဲတော် ခင်းကျင်းရောင်းချသွားမည့် အစီအစဉ် လျာထားချက်များနှင့်စပ်လျဉ်း၍ အသီးသီးတင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးများက သုံးသပ်ဖြည့်စွက်ရှင်းလင်း ဆွေးနွေးပြီး ပြည်နယ်ဝန်ကြီးချုပ်က ဈေးရောင်းပွဲတော် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးလိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်း‌ဆောင်ရွက်ပေးခဲ့သည်။

ထို့အတူယမန်နေ့ ညနေပိုင်းကလည်း ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများသည် ရွှေအိုက်/ ရွှေပြည်သာ ရပ်ကွက်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ရင်းနှီးမတည်ပေးမှုဖြင့် အကျိုးဖြစ်ထွန်းအောင်မြင်လျက်ရှိသော တောင်သူ ဦးမာယော်၏ ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံသို့ သွားရောက်ပြီး ခြံဝင်းအတွင်း ဒေသနွားများ မွေးမြူထားရှိမှု အခြေအနေများ၊ အသားတိုးဝက်များ မွေးမြူထားရှိမှုနှင့် ဟင်းသီးဟင်းရွက်စိုက်ခင်းဖြင့်စီးပွားဖြစ်ထွန်းအောင်မြင်နေမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက အခမဲ့ပေးအပ်သည့် မွေးမြူရေးအထောက်အကူပြုဆေးဝါးပစ္စည်းများကို ပေးအပ်ခဲ့ကြသည်။

ယင်းနောက် အဆိုပါခြံဝင်းအတွင်း တောင်သူများနှင့်တွေ့ဆုံပြီး တောင်သူအကျိုးစီးပွား ဖြစ်ထွန်းအောင်မြင်အောင် ပံ့ပိုးကူညီပေးခဲ့သော ပြည်နယ်အစိုးရအဖွဲ့အား ကျေးဇူးတင်ရှိသည့်အနေဖြင့် ဆန်စပါးလှူဒါန်းပွဲ အခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ကြရာ တောင်သူဦးမာယော်က စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် သွင်းအားစုများနှင့် နည်းပညာများကို ပြည်နယ်အစိုးရအဖွဲ့၏ ရင်းနှီးမတည်ပေးမှု၊ ချိတ်ဆက်ပေးမှုတို့ကြောင့် အကျိုးစီးပွားဖြစ်ထွန်းခဲ့သည့်အပေါ် ကျေးဇူးပြန်လည် တုန့်ပြန်သောအားဖြင့် ဆန်စပါးတင်း ၁၀၀ အား လိုအပ်သည့်နေရာများတွင် အသုံးပြုနိုင်ရန် လှူဒါန်းလိုကြောင်းတင်ပြပြီး ကုန်ထုတ်လမ်းလိုအပ်ချက်ကို တင်ပြဆွေးနွေးရာ ပြည်နယ်ဝန်ကြီးချုပ်က ဆန်စပါးတင်း ၁၀၀ လှူဒါန်းမှုအား မှတ်တမ်းတင်ဂုဏ်ယူ ဝမ်းမြောက်ကြောင်းနှင့် ကုန်ထုတ်လမ်းအမြန်ဆုံးဖောက်လုပ်နိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးစောအောင်ရဲထွဋ်လွင်က ဦးမာယော်၏ ငါးမွေးမြူရေးလုပ်ငန်းအတွက် အခမဲ့ပေးအပ်သည့် ငါးအစာအိတ်(၁၅)အိတ်ကို ပေးအပ်ချီးမြှင့်ခဲ့ပြီး တောင်သူဦးမာယော်၏ ဆန်စပါးတင်း(၁၀၀)လှူဒါန်းမှုကို ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက လက်ခံရယူခဲ့ကြပြီး ဒေသခံတောင်သူများကလည်း ပြည်နယ်အစိုးရအဖွဲ့ဝင်များအတွက် ခြံထွက်ဟင်းသီးဟင်းရွက်များကို ဂါဝရပြုပေးအပ်ခဲ့ကြသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ မြို့သစ်ကြီးရပ်ကွက်အတွင်း အသစ်တည်ဆောက်ပြီးစီးခဲ့သည့် JZ Centre သို့ သွားရောက်ခဲ့ကြပြီး အဆိုပါ Centre အတွင်း ဈေးအရောင်းဆိုင်များ၊ စားသောက်ဆိုင်များ အပါအဝင် JZ Luxury Cinema အဆင့်မြှင့် ရုပ်ရှင်ရုံ၌ မေခရုပ်ရှင်ထုတ်လုပ်ရေးမှ ကချင်ပြည်နယ်၏ ရေခဲတောင်ရှုခင်း၊ သဘာဝအလှတရားနှင့် ဒေသခံများ၏ ဓလေ့စရိုက်များကို ပေါ်လွင်အောင် တစ်နိုင်ငံလုံးတွင် ရုံတင်ရိုက်ကူးပြသခဲ့သည့် “နှင်းပွင့်စေရာ” ဇာတ်ကားမိတ်ဆက်ပြသမှုကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)