ချောင်းသာမြို့တွင် ပါးစပ်၊ နှာခေါင်းစည်း (၂၀၀၀)နှင့် Face Shield အခု (၂၀၀) အခမဲ့ဖြန့်ဝေ

ချောင်းသာ  ဒီဇင်ဘာ  ၇

ဧရာဝတီဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးနှင့် ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် မိဘပြည်သူများထံသို့ ပါးစပ်၊ နှာခေါင်းစည်း(၂၀၀၀)နှင့် မျက်နှာကာ(၂၀၀)တို့ကို ယမန်နေ့နံနက် ၈ နာရီက အခမဲ့ဖြန့်ဝေ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ချောင်းသာမြို့အတွင်းရှိ လူစည်ကားရာနေရာဖြစ်သော ရွှေသာယာ မြို့မစျေးနှင့် ပုသိမ်-ချောင်းသာ ကားလမ်းမကြီးတို့တွင် ချောင်းသာမြို့ ထွေ/အုပ်ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ပြန်/ဆက်ဦးစီးဌာန၊ မြို့အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ရပ်/ကျေးအုပ်ချုပ် ရေးမှူး များ ပူးပေါင်း ပါဝင်၍ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါအဖွဲ့သည် ချောင်းသာမြို့အတွင်းသို့ အကြောင်းအမျိုးမျိုးကြောင့် နေအိမ်ပြင်ပသို့ ထွက်ရှိလာသူများအား ပါးစပ်၊ နှာခေါင်းစည်းများ အခမဲ့ ဝေငှခြင်း၊ စနစ်တကျ တပ်ဆင်ကာကွယ်ပေးခြင်းနှင့် အား/ကာဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ လိုက်နာနေထိုင်ကြရန် အသိပညာပေးခြင်းများ ပြောကြားခဲ့သည်။

ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိင်ရေးအတွက် Mask Camping များကို ဆက်လက်၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်မည်ဖြစ်ကြောင်း ဒုတိယမြို့အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးထံမှ သိရသည်။

ချောင်းသာ(ပြန်/ဆက်)