ဟားခါးတက္ကသိုလ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် နေ့သင်တန်းမောင်မယ်သစ်လွင်ကြိုဆိုပွဲကျင်းပ

ဟားခါး ဖေဖော်ဝါရီ ၂၅

၂၀၂၄-၂၀၂၅ ပညာသင်နှစ် နေ့သင်တန်းမောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ချင်းပြည်နယ်၊ ဟားခါးမြို့၊ ဟားခါးသက္ကသိုလ် ဘက်စုံသုံးခန်းမ၊ သုံးထပ်ဆောင်၌ ကျင်းပခဲ့ကြောင်း သိရသည်။

မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားတွင် ဒုတိယပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာ နွယ်သင်းနီက မောင်မယ်သစ်လွင်များအား ကြိုဆိုနှုတ်ဆက်စကားပြောကြားပြီး ပါမောက္ခဌာနမှူး များနှင့် သင်တန်းရေးရာ အရာရှိများက မိတ်ဆက်ကြသည်။

ဆက်လက်၍ ဝိဇ္ဇာဘာသာရပ်ဆိုင်ရာသိကောင်းစရာများကို ဥပဒေပညာဌာန၊ ကထိက(ဌာနမှူး) ဒေါက်တာသက်ထားဝေကလည်းကောင်း၊ သိပ္ပံဘာသာရပ်ဆိုင်ရာသိကောင်းစရာများကို ရူပဗေဒဌာန၊ တွဲဖက်ပါမောက္ခ(ဌာနမှူး) ဒေါက်တာနေအောင်ကြည်ကလည်းကောင်း၊ ကျောင်း စည်းကမ်းဆိုင်ရာ သိမှတ်ဖွယ်ရာများကို သင်တန်းရေးရာဌာန( ဌာနမှူး ) ဦးညိုဝင်းကလည်းကောင်း ရှင်းလင်းပြောကြားသည်။

ယင်းနောက် ပထမနှစ်တက်ရောက်သော နေ့သင်တန်းသစ်လွင်မောင်မယ် ကျောင်းသား၊ ကျောင်းသူများအနက် သိပ္ပံဘာသာရပ်နှင့်ဝိဇ္ဇာဘာသာရပ်များတွင် ဝင်ခွင့်အမှတ်အများဆုံးရရှိသည့် ကျောင်းသား၊ ကျောင်းသူ(၂)ဦးကို ဒုတိယပါမောက္ခချုပ်က ဆုများပေးအပ်ချီးမြှင့်ပြီး နေ့သင်တန်းမောင်မယ်သစ်လွင် ကျောင်းသား၊ ကျောင်းသူများကိုယ်စား ကျောင်းသားတစ်ဦးက ကျေးဇူးတင် စကားကာ ကျောင်းသား၊ ကျောင်းသူများက ချင်းရိုးရာ တေးသီချင်း အလှအကများဖြင့် ကပြဖျော်ဖြေကြကြောင်း သိရသည်။

ကိုဆလိုင်း