မိုင်းယောင်း ဒီဇင်ဘာ ၇
မြန်မာနိုင်ငံ၏ အရှေ့ဘက်အကျဆုံးမြို့ဖြစ်သော ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် ဘက်စုံ အဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာ၌ ဆောင်းသီနှံ ဟင်းသီးဟင်းရွက် စိုက်ပျိုးသူများ အောင်မြင်ဖြစ်ထွန်းသဖြင့် တောင်သူ များ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဖြန့်ဝေသည့် ဒေသရာသီဥတုနှင့် ကိုက်ညီပြီး အထွက်ကောင်းသော ဆောင်းသီးနှံမျိုးစေ့များကို ရွေးချယ်၍ အဓိကစိုက်ပျိုးခဲ့သဖြင့် ဆောင်းသီနှံ ဟင်းသီးဟင်းရွက် စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့အပြင် စိုက်ပျိုးရေးအတွက် အရေးကြီးသော ရေရရှိရန်၊ ရေစီးရေလာကောင်းမွန်စေရန် တာဝန်ရှိသူတို့က နမ့်မိန်ချောင်းနှင့် ရေသွယ်မြောင်းကြီးများ ပြုပြင်ပေးခဲ့သဖြင့် အဆင်ပြေစွာ စိုက်ပျိုးနိုင်ခဲ့ခြင်းဖြစ်သည်။
“ယခုအခါ နေရာအများအပြားမှာ မုန်ညင်း၊ ရွှေပဲရွက်၊ ငရုတ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ မုံလာ၊ ကိုက်လန်၊ ကန်စွန်း၊ ချဉ်ပေါင်၊ ခရမ်း၊ ရုံးပတီ၊ ဖရုံ၊ ဘူး၊ သခွား စတဲ့ ဆောင်းသီးနှံ ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးခဲ့ကြပါတယ်။ မိရိုးဖလာ စိုက်ပျိုးလာရာမှ ခေတ်မီစိုက်ပျိုးစနစ်ကို နားလည်လာကြတဲ့အတွက် စက်ယန္တရားများ အသုံးပြုစိုက်ပျိုးနေလျက်ရှိပါတယ်။ စက်ယန္တရားများ အသုံးပြုတဲ့အတွက် အချိန်ကုန် ငွေကုန်သက်သာပြီး လုပ်သားရှားပါးမှု အခက်အခဲကိုလည်း ပြေလည်စေပါတယ်”ဟု ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာမှ တောင်သူတစ်ဦးက ပြောသည်။
“တောင်သူများထံသို့ မိုင်းယောင်းဒေသရဲ့ ရာသီဥတုအခြေအနေနဲ့ ကိုက်ညီတဲ့ အထွက်နှုန်း ကောင်းမွန်စေတဲ့ ဆောင်းသီးနှံမျိုးစေ့များကို အခမဲ့ ဖြန့်ဝေပေးတဲ့အပြင် ပိုးမွှားရောဂါ မကျရောက်အောင် ကာကွယ်နည်းတွေ၊ အပင်အားကောင်း စေရန် သဘာဝမြေဩဇာနဲ့ ဓာတ်မြေဩဇာ ပေါင်းစပ်ကြဲပက်နည်းတွေ၊ ဘက်စုံပိုးမွှားရောဂါ ကာကွယ်နည်းတွေ၊ မြေဆွေးပုံပြုလုပ်နည်းတွေကို ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ကိုဗစ်-၁၉ စည်းကမ်းချက်များနဲ့အညီ စဉ်ဆက်မပြတ် အသိပညာပေးလျက်ရှိပါတယ်”ဟု စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုး က ပြောသည်။
စိုင်းအောင်ဇော်လင်း