သီပေါ ဒီဇင်ဘာ ၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကျင်သီကျေးရွာ အုပ်စု၊ ကြံခင်းကျေးရွာတွင် မိုးစပါးရိတ်သိမ်းပြီး နွေစပါးစိုက်ပျိုးမည့် တောင်သူများအား ပိုက်ဆံလျှော်သစ်စိမ်းမြေသြဇာ ပေးအပ်ပွဲကို ယမန်နေ့နံနက်ပိုင်း က အဆိုပါကျေးရွာရှိ အုပ်ချုပ်ရေးမှူး နေအိမ်တွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
ရှေးဦးစွာ သီပေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းမင်းဦး က ပိုက်ဆံလျှော်သစ်စိမ်း မြေသြဇာပေးအပ်ပွဲကို ဒုတိယပြည်နယ်ဦးစီးမှူး၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မိုးစပါးရိတ်သိမ်းပြီး နွေစပါးစိုက်ပျိုးမည့် တောင်သူ ၈ ဦးစိုက်ပျိုးမည့် စိုက်ဧက ၁၀ ဧကအား မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ တာဝန်ရှိသူများက ပိုက်ဆံလျှော်သစ်စိမ်းမြေသြဇာများကို တောင်သူများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြ ပြီးနောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တောင်သူများက နွေစပါးစိုက်ပျိုးမည့် လယ်မြေများတွင် ပိုက်ဆံလျှော် သစ်စိမ်း မြေသြဇာများကို ကြဲပက်ပေးခဲ့ကြသည်။
အဆိုပါ ပိုက်ဆံလျှော်သစ်စိမ်း မြေသြဇာပေးအပ်ပွဲသို့ ခရိုင်မြေအသုံးချရေးတာဝန်ခံ၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ နွေစပါးစိုက်ပျိုးမည့် တောင်သူများ တက်ရောက်ခဲ့ကြပြီး အသိပညာပေး လက်ကမ်းစာစောင် များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)