ရမည်းသင်းမြို့၌ ပထမအကြိမ် (၄)မြို့နယ်ဖိတ်ခေါ် စက်ဘီးစီးပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ

ရမည်းသင်း ဖေဖော်ဝါရီ ၂၂

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် စီမံခန့်ခွဲမှုကော်မတီ၊ ရမည်းသင်းမြို့နယ် မြို့မိ မြို့ဖ များနှင့် ရမည်းသင်းမြို့နယ် စက်ဘီးစီးအသင်းတို့ ပူးပေါင်း၍  ပထမအကြိမ် (၄) မြို့နယ် ဖိတ်ခေါ် စက်ဘီးပြိုင်ပွဲကို ယနေ့ နံနက် ၈ နာရီက ရမည်းသင်းမြို့ ဗိုလ်ချုပ်ကြေးရုပ် အနီးမှ စတင်တာလွှတ်ခဲ့ကြောင်းသိရသည်။

အဆိုပါ ပထမ အကြိမ် (၄)မြို့နယ် ဖိတ်ခေါ် စက်ဘီးစီးပြိုင်ပွဲတွင် နေပြည်တော် ၊ ပျော်ဘွယ်၊ မိတ္ထီလာ မြို့နယ်နှင့် ရမည်းသင်းမြို့နယ်တို့ရှိ စက်ဘီးစီးအသင်းတို့မှ အလွတ်တန်းပြိုင်ပွဲ၀င် အမျိုးသား၊ အမျိုးသမီး(၄၀)ဦးနှင့် အကြီးတန်းပြိုင်ပွဲ၀င် အမျိုးသား (၁၈)ဦးတို့ ရမည်းသင်းမြို့မှ မြို့လှကျေးရွာထိ သွားပြန်(၂၁)မိုင်ခရီးကို စီးနင်းယှဉ်ပြိုင်ကြကြောင်း သိရသည်။

ထို့နောက် နံနက် ၁၁နာရီတွင် ဗိုလ်ချုပ်ကြေးရုပ်ရင်ပြင်၌ ဆုချီးမြှင့်ပွဲကိုကျင်းပရာ ရမည်းသင်းမြို့ စက်ဘီးစီးအသင်းဥက္ကဋ္ဌ ဦးညီညီမှ အမှာစကားပြောကြားပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းနှင့် ဦးအောင်မျိုးဦး၊ ရမည်းသင်း ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးအုန်းသန်းနှင့်ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းဟန်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် အလှူရှင်များမှ စက်ဘီးစီးပြိုင်ပွဲ အလွတ်တန်းနှင့် အကြီးတန်း ပြိုင်ပွဲ တို့တွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသူများကို အသီးသီး ဆုချီးမြှင့် ပေးအပ်ခဲ့ကြောင်းသတင်းရရှိသည်။

ဇော်ဝင်းအောင်(ရမည်းသင်း)