ချင်းရွှေဟော်နယ်စပ်ဂိတ်မှ နေရပ်ပြန်ပြည်သူ (၄၄)ဦးထပ်မံဝင်ရောက်

ချင်းရွှေဟော်  ဒီဇင်ဘာ  ၇

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပြန်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ယမန်နေ့ နံနက်(၆)နာရီမှ ညနေ(၆)နာရီအချိန်အထိ နေရပ်ပြန်ပြည်သူ (၄၄)ဦး ထပ်မံဝင်ရောက်လာခဲ့သည်။

အဆိုပါ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ (၄၄)ဦးတို့မှာ အမျိုးသား(၂၅)ဦး၊ အမျိုးသမီး(၁၉)ဦး တို့ဖြစ်ပြီး မန္တလေးတိုင်း ဒေသကြီး၊ စဉ့်ကိုင်မြို့နယ်မှ (၁)ဦး၊ ရမည်းသင်းမြို့နယ်မှ (၁)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်မှ (၁)ဦး၊ ပဲခူးတိုင်း ဒေသကြီး၊ ကျောက်တံခါးမြို့နယ်မှ (၂)ဦး၊ မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်မှ (၁)ဦး၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်မှ (၂)ဦး၊ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့နယ်မှ (၅)ဦး၊ နောင်ချိုမြို့နယ်မှ (၃)ဦးနှင့် ကွမ်းလုံမြို့နယ်မှ (၂၈)ဦးတို့ ဖြစ်သည်။

ထိုသို့ ချင်းရွှေဟော်နယ်စပ်ဂိတ်မှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ (၄၄)ဦးမှ ချင်းရွှေဟော်မြို့နှင့် ထိစပ်လျက်ရှိသည့် လားရှိုးခရိုင်၊ ကွမ်းလုံမြို့နယ်မှ နေရပ်ပြန်ပြည်သူ (၂၈)ဦးအား ကွမ်းလုံမြို့နယ်မှတာဝန်ရှိသူများနှင့် ချိတ်ဆက်ပြီး အထ  ကကျောင်းရှိ၊ Quarantine Center သို့ စနစ်တကျစီစဉ်လွှဲပြောင်းပို့ဆောင်ပေးခဲ့ကာ ကျန်ရှိသည့် အခြားမြို့နယ်များမှ နေရပ်ပြန်ပြည်သူ (၁၆)ဦး တို့အား ချင်းရွှေဟော်မြို့၊ အမှတ်(၁)ရပ်ကွက်တွင် အသွားအလာကန့်သတ်စောင့်ကြပ်၍ သီးခြားထားရှိပြီး ချင်းရွှေဟော်မြို့၊ ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ၎င်းတို့အား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Rapid Test Kit ဖြင့်စစ်ဆေးခြင်းနှင့် ဓါတ်ခွဲနမူနာ Swab များ ရယူပြီးစစ်ဆေးနိုင်ရန် မူဆယ်မြို့၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ဆက်လက်ပို့ဆောင်စစ်ဆေးသွားမည်ဖြစ်ကြောင်း ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီထံမှ သိရှိရ သည်။ 

ဇင်ဇင်(ပြန်/ဆက်)