နောင်ချို ဒီဇင်ဘာ ၇
ရှမ်းပြည်နယ် (မြောက်ပိုင်း)ကျောက်မဲခရိုင်၊နောင်ချိုမြို့နယ်၌ "အင်းစိမ်းမေ" အမျိုးသမီး လူမှုဖွံ့ဖြိုးရေးကူညီမှုအသင်းမှ ဦးဆောင်၍ အမျိုးသမီးများအား နည်းမျိုးစုံဖြင့်အကြမ်းဖက်မှုမှ ရပ်တန့် ရေးနေ့ (၁၆)ရက်တာလှုပ်ရှားမှု အထမ်းအမှတ်ကို ယမန်နေ့က ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် နောင်ချိုမြို့ "အင်းစိမ်းမေ" အမျိုးသမီးလူမှုဖွံ့ဖြိုးရေးကူညီမှုအသင်း မှ နောင်ချိုမြို့မစျေး၊ ယာယီပျံကျစျေး များတွင် ရောင်းချနေကြသော စျေးသည်နှင့်စျေးဝယ်များ၊ လူအများသွားလာရာ လမ်းမကြီးများ၌ (၁၆)ရက်တာလှုပ်ရှားမှု လက်ကမ်းများ ဖြန့်ဝေခြင်း၊ ဖဲကြိုးဖြူ ရင်ထိုးတံဆိပ်များ တပ်ဆင်ပေးခြင်း၊ Maskများတပ်ဆင်ပေးခြင်း၊ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။
အမျိုးသမီးများအပေါ် အကြမ်းမဖက်ရေးကို နိုဝင်ဘာလ(၂၅)ရက်နေ့မှ ဒီဇင်ဘာလ(၁၀)ရက် နေ့အထိ စုစုပေါင်း(၁၆)ရက်တာ လှုပ်ရှား ဆောင်ရွက်လျက်ရှိကြောင်း၊ အမျိုးသမီးများအပေါ် အကြမ်း ဖက်ခြင်းသည် လူ့အခွင့်အရေးကို ချိုးဖောက်ခြင်းဖြစ်ကြောင်း၊ ၎င်း(၁၆)ရက်တာထဲတွင် "အမျိုးသမီး များအပေါ် အကြမ်းဖက်မှုရပ်တန့်ရေးနေ့"၊ "အပြည်ပြည်ဆိုင်ရာအမျိုးသမီး လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်သူများနေ့"၊ "ကမ္ဘာ့AIDSနေ့"၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့"၊ "မွန်ထရီမြို့ လူသတ်ပွဲနှစ်ပတ်လည်နေ့"၊ "ကမ္ဘာ့လူ့အခွင့်အရေးနေ့"များသည် အပြည်ပြည်ဆိုင်ရာနေ့များဖြစ်ကြောင်း၊ "အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးအတွက် ဥပဒေဖြင့်ကာကွယ်ပေး" ဟူသော ဆောင်ပုဒ်နှင့်အညီ တတ်စွမ်းသမျှ ဆောင်ရွက်သွားမှာဖြစ်ကြောင်း "အင်းစိမ်းမေ" အမျိုး သမီးများက ပြောကြားခဲ့ကြောင်း သိရသည်။
ထွေးငယ်(နောင်ချို-ပြန်ဆက်)