မုံးကိုး ဒီဇင်ဘာ ၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့၊ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများကဌာန၏ နှစ်ပတ်လည် အထိမ်းအမှတ်အနေဖြင့် နှာခေါင်းစည်းဖြန့်ဝေခြင်းနှင့် အသိပညာပေးလုပ်ငန်းဆောင်ရွက်ခြင်းကို ယမန့်နေ့၊ နေ့လည်(၁) နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့သည်။
“ယနေ့၊ ကျွန်တော်တို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ နှစ်ပတ်လည်အထိမ်းအမှတ်အနေဖြင့် နှာခေါင်းစည်းမတပ်ဆင်ဘဲ နေအိမ်ပြင်ပသို့ သွားလာသူတွေကို ကိုဗစ်-၁၉ ရောဂါ အသိပညာပေး ဟောပြောပြီး နှာခေါင်းစည်းတွေ ဖြန့်ဝေပေးခြင်းဖြစ်ပါတယ်၊ ဒါ့အပြင်ဌာန ဝန်ထမ်းတွေကိုလည်း နှစ်ပတ်လည်အထိမ်းအမှတ်အနေနဲ့ အနွေထည်တွေနှင့် GADနှာခေါင်းစည်းတွေကို ထောက်ပံ့ပေးအပ်ခဲ့ပါတယ်”လို့ မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးလွင်က ပြောကြားသည်။
မုံးကိုးမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်ကုသနိုင်ရေးအတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိပြီး နှာခေါင်းစည်းဖြန့်ဝေပေးခြင်း၊ အသိပညာပေးခြင်းနှင့် မြို့အဝင်/အထွက်တို့၌ ကျန်းမာရေးစစ်ဆေးခြင်းတို့ကို ဌာနဆိုင်ရာများနှင့် မြို့ကိုဗစ်-၁၉ရောဂါထိန်းချုပ်ကုသရေး ကော်မတီအဖွဲ့များပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သန်းဇော်ဦး(ပြန်/ဆက်)