ကျုံပျော် ဖေဖော်ဝါရီ ၂၂
စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ကိုရီးယားရာသီဥတုပြောင်းလဲရေး ဗဟိုဌာနတို့ ပူးပေါင်း၍ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်အတွင်းရှိ လျှပ်စစ်မီး မရရှိသေးသည့် ကျေးရွာများသို့ စွမ်းအားမြင့်မီးဖို ၁၈၀၀၀လုံး အား ဖြန့်ဝေ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါစီမံကိန်းကို ကျုံပျော်မြို့နယ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ယမန်နေ့က အစုကြီးကျေးရွာအုပ်စု၊ သောင်ရွာကျေးရွာအုပ်စု နှင့် ပျဉ်ချဆိပ်ကျေးရွာ အုပ်စု တို့တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ ကွင်းဆင်း၍ ကျေးရွာပြည်သူများအား စွမ်းအားမြှင့် မီးဖိုများ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးလှမျိုးနွယ်က “ဒီမီးဖိုကို သုံးတဲ့အတွက် သဘာဝ သစ်တောတွေက ထင်း၊ မီးသွေး လောင်စာထုတ်ယူသုံးစွဲမှုနဲ့ ကာဗွန်ထုတ်လွှတ်မှုကို လျှော့ချနိုင်မှာ ဖြစ်ပြီး၊ လူနေမှုဘဝအတွက် အများကြီး အထောက်အကူပေးမှာ ဖြစ်ပါတယ်။ ကျေးရွာ ပြည်သူတွေ သိအောင်လည်း ရှင်းပြပေးနေပါတယ်။ ကျုံပျော်မြို့နယ်ထဲက လျှပ်စစ်မီးမရသေးတဲ့ ကျေးရွာအုပ်စု (၃၉)အုပ်စုမှာ မီးဖိုအလုံးပေါင်း ၁၈၀၀၀ ကို ဖြန့်ဝေပေးသွားမှာဖြစ်ပါတယ်" ဟု ယင်းက ဆိုသည်။
မီးဖိုများ ဖြန့်ဝေရာတွင်လည်း မီးဖိုဖြန့်ဝေရခြင်း ရည်ရွယ်ချက်၊ အသုံးပြုရာတွင်အားသာချက်နှင့် သုံးစွဲပုံတို့ကို ကျေးရွာပြည်သူများအား သိရှိနိုင်ရန် ရှင်းလင်းပြောကြားခဲ့ကြကြောင်း သိရသည်။
ကိုနေဝင်း(ကျုံပျော်)