ပန်ဆိုင်း ဒီဇင်ဘာ ၇
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ မူဆယ်ခရိုင် ၊ ပန်ဆိုင်း(ကြူကုတ်)မြို့၌ နေအိမ်ပြင်ပဘက်သို့ သွားလာသူတိုင်း နှာခေါင်းစည်း(Mask)များ မဖြစ်မနေတပ်ဆင်သွားလာနိုင်ရေးအတွက် (Mask Campaign) အစီအစဉ်ကို ပြုလုပ်ဆောင်ရွက် လျက်ရှိရာ ယနေ့၊ နံနက်(၈)နာရီအချိန်ခန့်က ပန်ဆိုင်း(ကြူကုတ်)မြို့၊ ယာယီဈေး၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အဆိုပါ (Mask Campaign) အစီအစဉ်ကို မြို့ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးမင်းဇာနည်နှင့် မြို့ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်တားဆီးရေး ကော်မတီမှ တာဝန်ရှိဌာနဆိုင်ရာများ ဝိုင်းဝန်း ပူးပေါင်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ နေအိမ်ပြင်ပဘက်သို့ သွားလာနေသည့် ပြည်သူလူထုတိုင်း နှာခေါင်းစည်း(Mask) မဖြစ်မနေတပ်ဆင်သွားလာရေး အသိပညာပေးခြင်း၊ နှာခေါင်းစည်း(Mask) တပ်ဆင်ခြင်း မရှိပါက နှာခေါင်းစည်းများ တပ်ဆင်ပေးခြင်း၊ ညစ်ပေနေသည့် နှာခေါင်းစည်းတပ်ဆင်ထားသူများအား နှာခေါင်းစည်း(Mask) အသစ်များ (အခမဲ့)လဲလှယ်တပ်ဆင်ပေးခြင်းနှင့် နှာခေါင်းစည်း တပ်ဆင်ခြင်းမရှိပါက ဒဏ်ငွေ ပေးဆောင် ရမည်ဖြစ်ကြောင်း စသည့်အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
ဆက်လက်ပြီး ပန်ဆိုင်း(ကြူကုတ်)မြို့၌ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် (Mask Campaign) ဆောက်ရွက်ရာ၌ နှာခေါင်းစည်း(Mask) အခု(၂၀၀၀)ကို ပြည်သူလူထုများထံသို့ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးကော်မတီမှ သိရသည်။
သန်းမိုးခိုင်(ပြန်/ဆက်)