မုံးကိုးမြို့၌ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအရွယ် ကလေးသူငယ်များကို ပုံမှန်ကာကွယ်ဆေး တိုက်ကျွေး ထိုးနှံခြင်း ဆောင်ရွက်

 

 

မုံးကိုး               ဒီဇင်ဘာ ၇

 

မူဆယ်ခရိုင်၊ မုံးကိုးမြို့၌ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအရွယ် ကလေးသူငယ်များအား ပုံမှန် ကာကွယ်ဆေး တိုက်ကျွေးထိုးနှံခြင်း အစီအစဉ်ကို ကျန်းမာရေးလမ်းညွှန်ချက်နှင့်အညီ ယမန်နေ့ နံနက်(၉)နာရီအချိန်ခန့်က မုံးကိုးမြို့၊ မြို့ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ခဲ့သည်။

ကိုဗစ်-၁၉ရောဂါကာလ၌ လူစုလူဝေးမဖြစ်ပေါ်စေရန်အတွက် ရပ်ကွက်အလိုက်အချိန်သတ်မှတ်ပြီး ပုံမှန်ကာကွယ်ဆေး တိုက်ကျွေး ထိုးနှံရန်အတွက် ကလေးသူငယ်နှင့်အတူ အုပ်ထိန်းသူတစ်ဦးသာ လာရောက်ကြရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ကြိုတင် အသိပေးအကြောင်း ကြားထားကြောင်း သိရသည်။

မွေးကင်းစမှ အသက်(၁)နှစ်ခွဲအရွယ် ကလေးသူငယ်များအား အသက်အရွယ်အလိုက်ပိုင်းခြား၍ ဘီစီဂျီ၊ ပြင်းထန်အဆုပ်ရောင်၊ ဆုံဆို့ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါဘီကာကွယ်ဆေး၊ ဦးနှောက် အမြှေးရောင်(ငါးမျိုးစပ်ကာကွယ်ရေး)၊ ဝက်သက်နှင့် ဂျိုက်သိုးရောဂါကာကွယ်ဆေး၊ ဂျပန် ဦးနှောက်ရောင် ကာကွယ်ဆေး၊ ပိုလီယိုကာကွယ်ဆေးနှင့် ပြင်းထန် ဝမ်းပျက်၊ ဝမ်းလျှော(ရိုတာ) ကာကွယ်ဆေးတိုက်ကျွေးထိုးနှံ့ပေးပြီး ကလေးသူငယ်များအား ကိုယ်အလေးချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းတို့ကို မြို့ကျန်းမာရေးဝန်ထမ်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သန်းဇော်ဦး(ပြန်/ဆက်)