လင်ဖုံလေးကျေးရွာအတွင်း စိုက်ပျိုးလျက်ရှိသည့် အက်စတာပန်းများ စျေးကွက်အတွင်း အရောင်းသွက်နေ

လွိုင်ကော်     ဒီဇင်ဘာ ၇

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ် ၊ လင်ဖုံလေးကျေးရွာရှိ တောင်သူများသည် စိုက်ပျိုးရေး လုပ်ငန်းများ တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိရာ မေမြို့ပန်း ၊ အက်စတာပန်းများသည်လည်း အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ဈေးကွက်အတွင်းအရောင်းသွက်လျက်ရှိကြောင်းသိရသည်။

ပန်းမျိုးတွေကို မတ်လပိုင်းမှာ အစေ့ထုတ် သန့်စင်တယ် ၊  နှစ်ပတ်လောက် အအေးခံ ထားတယ်၊ ပြီးတဲ့နောက် ဗူးထဲကို သေသေချာထည့်ပြီး ကိုယ်ကြိုက်သည့် ရာသီမှာ ကိုယ်ပြန် စိုက်ပျိုးလို့ရတယ်၊ ပန်းအတွက် သုံးတဲ့ဆေးတွေကတော့ အာမို (၁)နဲ့ (၂) ဖြစ်ပြီး ပိုးကျရင် ကျသလို သုံးပေးရတယ်၊ ပန်းတွေ မြန်မြန်ပွင့် စေချင်ရင်တော့ အာမို (၂) ကို ဖြန်းပေးရတယ်၊ ဒီနှစ်တော့ ပန်းစိုက်သူတွေ များလာတာကြောင့် စျေးကွက် အခြေအနေက ကန့်သတ်ပြော လို့မရဘူး၊ အရင်နှစ်တွေက တစ်ယောက် နှစ်ယောက်ပဲ စိုက်တော့ စျေးကောင်း ရပြီး ဧက၀က်ကို (၅) သိန်းရောင်းရတယ်၊ လွိုင်ကော်မြို့ထဲ က ဖောက်သည်တွေကို ခြံထဲမှာဘဲ အခင်း အပြတ်ရောင်းလိုက်တယ် ဟု လင်ဖုံလေးကျေးရွာနေ ပန်းစိုက်ပျိုးသူ ဒေါ်နန်းချစ်ထွေး ကပြောကြားသည်။

ဆက်လက်၍ ဒေါ်နန်းချစ်ထွေးက “မေမြို့ပန်း၊ အက်စတာပန်းအပြင် တစ်ခြားပန်းကိုလည်း စိုက်ပျိုးတယ်၊ ရေအခြေအနေပေါ်မူတည်ပြီးတော့ မိုးတွင်းပိုင်း ဆိုရင်  ပြင်ဦးလွင်က ဂန္နာမာပန်း အမျိုးတွေကို လှမ်းမှာပြီးတော့ စိုက်တယ် ၊ သစ္စာပန်းလည်းစိုက်တယ် ၊ ပန်းမျိုးကစျေးကြီးတော့ တစ်ဆင့် ပြန်မျိုးပွားပြီး စိုက်ပျိုးရတယ် ပန်းစိုက်ပျိုးမှုကတော့ မြင်တဲ့သူကိုလည်း စိတ်ထဲမှာ ကြည်နူးစေတယ်၊ ကိုယ်တိုင်လည်း ပန်းမြတ်နိုးသူဖြစ် တာကြောင့် ပန်းကို အသက်မွေး ၀မ်းကြောင်း အဖြစ်စိုက်ပျိုးတယ် ဟု ပြောကြားခဲ့သည်။

စိုးလှိုင်ဌေး(ပြန်/ဆက်)