ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် Grade-12 သင်ကြားရေး ဆရာ/ဆရာမများနှင့် Grade-12 ကျောင်းသား/ကျောင်းသူများအား ချီးမြှင့်အားပေးခြင်းအခမ်းအနားသို့တက်ရောက်ချီးမြှင့်

ဟားခါး ဖေဖော်ဝါရီ ၂၇

Grade-12 သင်ကြားရေး ဆရာ/ဆရာမများနှင့် Grade-12 ကျောင်းသား/ကျောင်းသူများအား ချီးမြှင့်အားပေးခြင်းအခမ်းအနားကို ဖေဖော်ဝါရီလ ၂၇ ရက် မွန်းလွဲ ၂ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး ၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ Grade-12 သင်ကြားရေး ဆရာ / ဆရာမများနှင့် Grade-12 ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ချင်းပြည်နယ်အတွင်း ၂၀၂၄− ၂၀၂၅ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဟားခါးမြို့စာစစ်ဌာနနှင့် တီးတိန်မြို့ စာစစ်ဌာနနှစ်ခုတွင် ဖြေဆိုကြမည်ဖြစ်ကြောင်း၊ ချင်းပြည်နယ်သည် ဝေးလံခက်ခဲသည့် နယ်မြေဖြစ်သော်လည်း ပညာရေးကဏ္ဍတွင် အခြားတိုင်းဒေသကြီး/ ပြည်နယ်များထက် နိမ့်ကျမှုမရှိစေဘဲ တိုးတက်နိုင်ရေးအတွက် ကျောင်းဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် တာဝန်ရှိသူများအားလုံးက ပူးပေါင်းကြိုးစားဆောင်ရွက်ရန်လိုကြောင်း၊ ၂၀၂၄−၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက်ရည်ရွယ်၍ Grade-12 သင်ကြားရေး ဆရာ/ဆရာမများ နှင့် ကျောင်းသား/ကျောင်းသူများကို စိတ်ဓာတ်ခွန်အားမြှင့်တင်ပေးလိုပါဖြင့် ဟားခါးမြို့နှင့် တီးတိန်မြို့နယ်ရှိ အထက်တန်းကျောင်းအုပ်(၄) ဦးကို ကျပ် ၅ သိန်းနှုန်းနှင့် Grade-12 သင်ကြားပေးနေသော ဆရာ/ဆရာမ (၄၂) ဦးကို တစ်ဦးလျှင် ၃ သိန်းနှုန်း၊ Grade-12 ကျောင်းသား/ကျောင်းသူ (၄၇၁) ဦးအတွက် တစ်ဦးလျှင် ကျပ်တစ်သိန်းနှုန်းဖြင့် ၄၇၁ သိန်းနှင့်ညီမျှသော ဖြည့်စွက်အာဟာရ အစားအစာများကို ချီးမြှင့်ပေးအပ်ခြင်းဖြစ်ပါကြောင်း ၊ ကျောင်းသား/ ကျောင်းသူများအနေဖြင့် ရိုးသားကြိုးစားစွာဖြင့် မှန်မှန်ကန်ကန်ဖြေဆိုပြီး ချင်းပြည်နယ်၏ဂုဏ်ကို မြင့်တင်နိုင်အောင် ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် တက္ကသိုလ်ဝင်စာမေးပွဲကြီးကို အခက်အခဲမရှိ အလွယ်တကူ ဖြေဆိုအောင်မြင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးအပ်ပါကြောင်းဖြင့် အမှာစကားပြောကြားသည်။

ထို့နောက် ဟားခါးမြို့နယ်နှင့် တီးတိန်မြို့နယ်ရှိ အထက်တန်းကျောင်းအုပ်ကြီး (၄) ဦး ၊ Grade-12 သင်ကြားရေး ဆရာ/ဆရာမ (၄၂) ဦးနှင့် Grade-12 ကျောင်းသား၊ ကျောင်းသူ (၄၇၁) ဦးတို့အတွက် အဟာရဖြည့်အစားအစာများနှင့် ချီးမြှင့်ငွေများကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ပေးအပ်ချီးမြှင့်ပြီး Grade-12 ကျောင်းသား/ ကျောင်းသူများကိုယ်စား ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကားပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်က အခမ်းအနားတက်ရောက်လာကြသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)