ကန်ကြီးထောင့် ဒီဇင်ဘာ ၇
ပြည်သူများ မီးဘေးအန္တရာယ်မှ ကင်းဝေးစေရေးနှင့် မီးဘေးသတိ အမြဲရှိနေစေရေးအတွက် ကန်ကြီးထောင့်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတိပေးချက်များကို ယမန်နေ့ ညနေ ၄ နာရီမှ စတင်ကာ မီးသတ်ယာဉ်ဖြင့် မြို့နယ်အတွင်းသို့ လှည့်လည် အသိပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်စိုး၏ လမ်းညွှန်မှုဖြင့် မီးသတ်တပ်ဖွဲ့ဝင်များမှ ပွင့်လင်းရာသီ ရောက်ရှိလာပြီ ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် မိမိတို့၏ နေအိမ်များတွင် မီးချိတ်၊ မီးကပ်များထားရှိရန်၊ မီးကြွင်း၊ မီးကျန်များ အပါအဝင် ခြင်ဆေးခွေမီး၊ ဖယောင်းတိုင် မီးများကို သေချာစွာ ငြိမ်းသတ်ပြီးမှ အိပ်စက်ကြရန်၊ လျှပ်စစ် အသုံးအဆောင် ပစ္စည်းများကို အသုံးပြုပြီးတိုင်း ခလုတ်များပိတ်၊ ပလပ်များ ဖြုတ်ထားရန်၊ လျှပ်စစ်ဝိုင်ယာကြိုးများအား ခံနိုင်ဝန်အားထက် ပိုမိုသုံးစွဲခြင်းမပြုရန်၊ တရားမဝင် လောင်စာဆီများကို သိုလှောင်ရောင်းချခြင်းများ မပြုလုပ်ကြရန်၊ ယာဉ်စီးလမ်းလျှောက် သည့်အခါတိုင်း ဆေးလိပ် မသောက်ကြရန်စသည့် မီးသတိပေးချက်များကို အသံချဲ့စက်ဖြင့် မြို့နယ် အတွင်းသို့ လှည့်လည် အသိပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
"ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များနှင့် နိုင်ငံပိုင်ကုန်ထုတ်အရင်းအနှီးများ မီးဘေးအန္တရာယ်ကြောင့် ပျက်စီး ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန် မီးဘေးလုံခြုံရေးဆိုင်ရာများနှင့် အသိပညာပေးခြင်း လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပြီး ဘေးအန္တရာယ်များ ရုတ်တရက်ကျ ရောက်လာပါက အချိန်နှင့် တစ်ပြေးညီ ကူညီဆောင်ရွက် နိုင်ရေးအတွက် မီးငြိမ်းသတ်ယာဉ်များ၊ ရေသယ်ယာဉ်များ၊ ရှာဖွေကယ်ဆယ်ရေးသုံး စက်ကိရိယာများနှင့် တပ်ဖွဲ့ဝင် များကို အသင့်ပြင်ဆင် ဆောင်ရွက်ထားရှိကြောင်း" မြို့နယ် မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်စိုးမှ ပြောသည်။
နန်းထိုက် (ပြန်/ဆက်)