ကမ္ဘာ့ခုခံအား ကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ ကျောက်မဲ မြို့တွင် ဆောက်ရွက်

 

ကျောက်မဲ ဒီဇင်ဘာ ၇

၂၀၂၀ ပြည့်နှစ် ၊ ဒီ ဇင်ဘာ ၁ ရက်နေ့တွင် ကျရောက်ခဲ့သည့် ကမ္ဘာ ခုခံအားကျဆင်းမှုကူးစက် ရောဂါ တိုက်ဖျက် ရေးနေ့ World AIDS Day အထိမ်း အမှတ်အဖြစ် အသိပညာဆွေးနွေးပွဲကို မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေး အသင်း MANA ၏ စီစဉ်မှုဖြင့်ကျောက်မဲမြို့၊ ပြည်သူ့ဆေးရုံကြီးရှိ  မက်သာဒုန်းတိုက်ကျွေးရေး ဌာနရှေ့တွင် ယနေ့ နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့သည်။

အခမ်းအနားတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်  ဦးစိုင်းထွန်းဝင်းနှင့် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်း တို့က အသီးသီးအဖွင့်အမှာ စကားပြောကြားခဲ့သည်။ ယင်းနောက် ART ဆေးတိုက်ကျွေးရေး တာဝန်ခံဆရာဝန် ဒေါက်တာ စိုင်းလွင်ဦးနှင့် မြန်မာနိုင်ငံမူးယစ်ဆေးဝါး ဆန့်ကျင်ရေး အသင်း ကျောက်မဲခရိုင် ဧရိယာ မန်နေဂျာ ဒေါက်တာသိန်းဇော်တို့က ခုခံအား ကျဆင်းသည့်ရောဂါ ကူးစက်နိုင်သည့် အကြောင်းအရင်းများ၊  ကြိုတင် ကာကွယ်ရေး နည်းလမ်းများ၊ ART ဆေးသောက်သုံးခြင်း၏ ကောင်းကျိုးများနှင့် ခုခံအားကျဆင်းသည့်ရောဂါ ကူးစက်ခံရသူများအား ခွဲခြားဆက်ဆံခြင်း မပြုဘဲ ဝိုင်းဝန်းဖေးမပေးရန် အစရှိသည်တို့ကို ဆွေးနွေး ဟောပြောခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲသို့ အောင်မင်္ဂလာ၊ အိုမ်တမောဝ်၊ နမ့်ခုံးနှင့် မေတ္တာစွမ်းအား အစရှိသည့် ပရဟိတအသင်းတို့မှ  အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူ  စုစုပေါင်း ၃၀ ဦးခန့် တက်ရောက်ခဲ့ကြပြီး အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက် လာသူများအား  မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း MANA ၊ ကျောက်မဲခရိုင်ရုံးမှ  တယ်လီနော ဖုန်းဘေ ၃၀၀၀ ကျပ်စီနှင့် Mask များ၊ အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)