၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် အာဟာရကျွေးမွေးစရိတ်နှင့် အထောက်အကူပြုပစ္စည်းများ ပေးအပ်ချီးမြှင့်ခြင်းအခမ်းအနား လွိုင်ကော်တွင် ကျင်းပ

လွိုင်ကော်      မတ်    ၂

ကယားပြည်နယ်အစိုးရအဖွဲ့မှ ၂၀၂၅ ခုနှစ်၊ မတ်လတွင်ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြင်စွာ ဝင်ရောက်ဖြေဆိုနိုင်ရန်နှင့် အောင်ချက်မြင့်မားရေးအတွက် ဖြေဆိုမည့် ကျောင်းသားကျောင်းသူများအား အာဟာရဖြည့် ကျွေးမွေးစရိတ်နှင့် အထောက်အကူပြု ပစ္စည်းများ ပေးအပ်ခြင်းအခမ်းအနားကို မတ်လ ၁ ရက်နေ့ မွန်းလွဲပိုင်းက ပြည်နယ်ပညာရေးမှူးရုံး၊ ပညာ့ဗိမာန်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပညာရေးဝန်ထမ်းများနှင့် ကြီးကြပ်သူ ဆရာ၊ ဆရာမများ၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ယခင်နှစ်က နယ်မြေဒေသအခြေအနေအရ တက္ကသိုလ်ဝင်စာမေးပွဲအတွက် စာစစ်ဌာနများ မရှိခဲ့သော်လည်း ယခုနှစ်တွင် လွိုင်ကော်မြို့၌ စာစစ်ဌာနများဖွင့်လှစ်ကာ ကျောင်းသား/ကျောင်းသူများ ဝင်ရောက်ဖြေဆိုနိုင်ပြီဖြစ်ကြောင်း၊ စာမေးပွဲကို အခက်အခဲမရှိ အောင်မြင်စွာ ဖြေဆိုနိုင်ရန် အားပေးချီးမြှင့်ခြင်းနှင့် အာဟာရ ကျွေးမွေးစရိတ်နှင့် အထောက်အကူပြု ပစ္စည်းများပံ့ပိုးပေးခြင်း ဖြစ်ပါကြောင်း၊ ကျောင်းသူ ကျောင်းသားများကလည်း ထူးထူးချွန်ချွန်ဖြင့် အောင်မြင်အောင် ကြိုးစားကြရန်၊ ယခုစာမေးပွဲကို ဖြေဆို အောင်မြင်ပြီးပါက မိမိဒေသတွင် မိဘများနှင့်ရင်အုပ်မကွာ တက်ရောက်နိုင်ရန် တက္ကသိုလ်ကျောင်းများ အသင့်ဖွင့်လှစ်ထားပြီဖြစ်ပါကြောင်း ဂုဏ်ပြုအားပေးစကား ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းသားကျောင်းသူများနှင့် ကြီးကြပ်သူဆရာ၊ ဆရာမများအတွက် အာဟာရကျွေးမွေးစရိတ်များကို ပေးအပ်ရာ ပြည်နယ်ပညာရေးမှူးက လည်းကောင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက အထက(ရှမ်းရွာ) ကျောင်းသားကျောင်းသူ များနှင့် ကြီးကြပ်သူဆရာ၊ ဆရာမများ၊ မိဘများအတွက် အာဟာရကျွေးမွေးစရိတ်များကို ပေးအပ်ရာ လွိုင်ကော်ခရိုင်ပညာရေးမှူးကလည်းကောင်း၊ စီးပွားရေးရာဝန်ကြီးက အ-ထ-က(ရှမ်းရွာ) အတွက် အထောက်အကူပြုပစ္စည်းများကို ပေးအပ်ရာ အထက(ရှမ်းရွာ) ကျောင်းအုပ်ကြီးတို့က အသီးသီး လက်ခံရယူခဲ့ကြပြီး ပြည်နယ်ပညာရေးမှူးက ကျေးဇူးတင်စကားနှင့် တက္ကသိုလ်ဝင် ကျောင်းသား/ကျောင်းသူများ စာမေးပွဲ အောင်မြင်စွာ ဖြေဆိုနိုင်ရန် အားပေးစကားပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား/ကျောင်းသူများနှင့် ကြီးကြပ်သူဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)