လွိုင်ကော် မတ် ၄
ကယားပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ၂၀၂၅ ခုနှစ်၊ နွေရာသီအခြေခံ အားကစားသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက လွိုင်ကော်မြို့၊ အားကစားနှင့် ကာယပညာသိပ္ပံ(လွိုင်ကော်) စုပေါင်းလေ့ကျင့်ရေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အခြေခံအားကစားသင်တန်းတက်ရောက်မည့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာ ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များအနေဖြင့် နွေရာသီကျောင်းအားလပ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရန်၊ မိမိတို့ဝါသနာပါရာ အားကစားနည်းများကို အခြေခံမှစ၍ စနစ်တကျလေ့ကျင့်သင်ကြားနိုင်ရန်နှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ပြီး ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်မောင်မယ်များ ဖြစ်လာစေရန် ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ သင်ကြားပေးသည့် အားကစားနည်းများကို အခြေခံအားကစားနည်းစနစ်များမှ အဆင့်မြင့်နည်းစနစ်များကို နားလည်တတ်ကျွမ်းသည်အထိ ဆက်လက်ကြိုးစားလေ့ကျင့်သင်ယူပြီး နိုင်ငံတော်နှင့် ပြည်နယ်အတွက် တန်ဖိုးရှိသော လူ့စွမ်းအားအရင်းအမြစ်ကောင်းများ၊ ထူးချွန်အားကစားသမားကောင်းများ၊ လူချွန်လူကောင်းများဖြစ်အောင် ဆက်လက်ကြိုးစားကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသူ သင်တန်းသားများ သင်တန်းကာလ အာဟာရဖြည့်စွက်စာစရိတ်နှင့် လိုအပ်သည်များ အသုံးပြုနိုင်ရန် ချီးမြှင့်ငွေများ၊ နည်းပြဆရာများအတွက် ချီးမြှင့်ငွေများ၊ အားကစားလေ့ကျင့်ရေးအင်္ကျီများ ပေးအပ်ရာ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ပြည်နယ်ဦးစီးမှူး၊ နည်းပြဆရာများနှင့် သင်တန်းသားသင်တန်းသူ ကိုယ်စားလှယ်များကလည်းကောင်း၊ ပြည်နယ်တရားသူကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် လူမှုရေးရာဝန်ကြီးတို့က အားကစားအထောက်အကူပြုပစ္စည်းများနှင့် အားကစားလေ့ကျင့်ရေးအင်္ကျီများ ပေးအပ်ရာ သင်တန်းသား၊ သင်တန်းသူများ ကိုယ်စားလှယ်အသီးသီးက လက်ခံရယူခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကားပြောကြားခဲ့သည်။ အဆိုပါ သင်တန်းကို အားကစားနည်း (၁၀) မျိုး၊ သင်တန်းသား (၅၀၀) ဦးဖြင့် ဖွင့်လှစ်သွားမည်ဖြစ်သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အမှတ် (၁) နှင့် အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်းများ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာမူလတန်းအဆင့် Grade-5 နှင့် အခြေခံပညာအလယ်တန်းအဆင့် Grade - 9 အတန်းတင်စာမေးပွဲဖြေဆိုနေမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် စားမေးပွဲကာလပြီးဆုံးသည်အထိ အောင်မြင်စွာဖြေဆိုနိုင်ရေး၊ လုံခြုံရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ လစ်ဟင်းမှုမရှိစေရေး အလေးထားဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ကယားပြည်နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာ Grade-5 နှင့် Grade - 9 အတန်းတင်စာမေးပွဲအား စာစစ်ဌာန ၃၄ ခုတွင် ကျောင်းသား၊ ကျောင်းသူ ၁၀၇၉ ဦးတို့မှ ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)