ပြင်စလူမြို့တွင် ဌာနဆိုင်ရာများပူးပေါင်း၍ ပြည်သူများ Mask တပ်ဆင်သွားလာရေး Mask Campaign ပြုလုပ်

ပြင်စလူ ဒီဇင်ဘာ ၇

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် ပြည်သူများ နှာခေါင်းစည်း Mask  တပ်ဆင် သွားလာကြရန်အတွက် ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေး အဖွဲ့တို့ပူးပေါင်း၍ Mask  Campaign ပြုလုပ်ခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီအချိန်က မြို့တွင်းလမ်းစုံများ၊ ကုန်စုံဆိုင်များ၊ စားသောက်ဆိုင်များ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့အုပ်ရေးမှူး ဦးရဲဝင့်ထွန်း ဦးဆောင်၍ ကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ ပူးပေါင်းကာ လမ်းသွားလမ်းလာ ပြည်သူများနှင့် စျေးရောင်း/စျေးဝယ် ပြည်သူများအား Mask များ အခမဲ့ဖြန့်ဝေပေးခြင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွန်ချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်ကြရန် အသိပညာပေးခြင်း နှင့်အတူ မြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဇင်ဖြိုးသူ (ပြန်/ဆက်)