ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၅)ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်

ဟားခါး မတ် ၄

မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး သင်တန်းအမှတ်စဉ်(၁/၂၀၂၅)ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက ဟားခါးမြို့၊ ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး ချင်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းတက်ရောက်မည့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြကြောင်း သိရသည်။

ဦးစွာချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က မျက်မှောက်ခေတ်ကာလ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုနှင့် လူများ၏ ပေါ့ဆမှုဖြစ်စဉ်များကြောင့် မြန်မာနိုင်ငံမှာသာမက ကမ္ဘာ့နိုင်ငံ အသီးသီးတွင်ပါ မီးဘေးအန္တရာယ်နှင့် သဘာဝဘေးန္တရာယ်အမျိုးမျိုး၊ ယာဉ်မတော်တဆမှုများ မကြာခဏ ကြုံတွေ့ရသည့်အတွက် ဘေးအန္တရာယ်ကျရောက်သည့်အခါ မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ကြမည့် ဌာနဆိုင်ရာအဖွဲ့အစည်းများမှ နိုင်ငံ့ဝန်ထမ်းများ မီးဘေး လုံခြုံရေးနှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာရပ်များ ပိုမိုသိရှိနားလည်ပြီး မီးငြိမ်းသတ်ရေးလုပ်ငန်းနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် စွမ်းဆောင်ရည် ပိုမိုမြင့်မားလာ စေရန် သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ မီးသတ်တပ်ဖွဲ့ကို ပြည်သူလူထု၏ အသက်အိုးအိမ်ပစ္စည်းများကို မီးဘေးအန္တရာယ်မှ တာဆီးကာကွယ်ရေးလုပ်ငန်းနှင့် သဘာဝဘေးအန္တရာယ်အပါအဝင် အခြားသော ဘေးအန္တရာယ်များ ကျရောက်သည့်အခါ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ကို တာဝန်ယူဆောင်ရွက်ရန် ဖွဲ့စည်းထားခြင်းဖြစ်ပြီး မီးဘေးနှင့်သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာပါက လျင်မြန်ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ပြီး သဘာဝဘေးအန္တရာယ်ကြိုတင် ကာကွယ်နှင့် ရှာဖွေကယ်ဆယ်နိုင်ရန်အတွက် ဌာနဆိုင်ရာများမှ နိုင်ငံ့ဝန်ထမ်းများအား လေ့ကျင့်ပေးရခြင်းဖြစ်ကြောင်း ၊ ယနေ့ကမ္ဘာတစ်လွှားမှာ သဘာဝကြောင့်ဖြစ်ပွားသည့် ဘေးနှင့် လူကြောင့်ဖြစ် ပွားသည့်ဘေးအမျိုးမျိုး နှစ်စဉ်ပိုမိုဖြစ်ပွားလျက်ရှိပြီး ထိခိုက်ပျက်စီးဆုံးရှုံးမှုပမာဏဟာလည်း ပိုမို များပြားသည်ကို တွေ့ရှိရပါကြောင်း၊ သင်တန်းကာလအတွင်း သင်တန်းကချမှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်နှင့်ညွှန်ကြားချက်များကို လေးစားလိုက်နာကြရန်၊ နားမလည်၊ မရှင်းလင်းသည့်အချက်များကိုလည်း ပွင့်ပွင့်လင်းလင်းမေးမြန်းပြီး ကြိုးစားလေ့လာသင်ယူကြရန် မှာကြားလိုကြောင်းဖြင့် အမှာစကားပြောကြားသည်။

ထို့နောက် ချင်းပြည်နယ်မီးသတ်ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးအေးကျော်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်က သင်တန်းသားများအတွက် တူညီဝတ်စုံများကိုပေးအပ်၍ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြကာ ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသားများအား အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)