အင်္ဂပူ ဒီဇင်ဘာ ၇
အင်္ဂပူမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ လုပ်ငန်းလိုင်စင်ထုတ်ပေးထားသော ထမင်းဆိုင်၊ စားသောက်ဆိုင်၊ လက်ဘက်ရည်ဆိုင်များအား ဆိုင်ထိုင်စားသောက်ခွင့်ပြုနိုင်ရန် အတွက် စည်းကမ်းနှင့်အညီ ဆောင်ရွက်ထားခြင်းရှိ/မရှိကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါကွင်းဆင်းစစ်ဆေးရာ၌ အင်္ဂပူမြို့ နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအန္တရာယ်မှ ထိန်းချုပ်နိုင်ရန် စားသောက်ဆိုင်၊ လက်ဘက်ရည်ဆိုင်နှင့် ထမင်းဆိုင်များအား ပါဆယ်စနစ် ရောင်းချလျက်ရှိရာမှ ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည် ရောင်းချနိုင်ရန် (A)အဆင့်သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ/မရှိနှင့် စည်းကမ်းချက်များ ကိုက်ညီသော ဆိုင်များအား ဖွင့်လှစ်ရောင်းချနိုင် ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားခြင်း ရှိ/မရှိကိုစစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အင်္ဂပူမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ လုပ်ငန်းလိုင်စင်ထုတ်ပေးထားသော ထမင်းဆိုင်၊ စားသောက်ဆိုင်၊ လက်ဘက်ရည်ဆိုင်များ စုစုပေါင်း(၆၃)ဆိုင်ရှိပြီး ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချနိုင်ရန် (A)အဆင့်သတ်မှတ်ချက်နှင့် ကိုက်ညီသော ဆိုင်(၇)အား ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။
မန်းကျော်(ပြန်/ဆက်)