ကယားပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များ တွေ့ဆုံပွဲ လွိုင်ကော်မြို့၌ကျင်းပ

လွိုင်ကော်      မတ်   

ကယားပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များ တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ကယားပြည်နယ်ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာများ ၊ ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အမှာစကားပြောကြားရာတွင် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များအနေဖြင့် တိုင်းရင်းသားရေးရာကိစ္စရပ်များ ပြန်လည်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၊ မိမိတို့၏ ယဉ်ကျေးမှုရိုးရာဓလေ့များကို ထိန်းသိမ်းမြှင့်တင် ဆောင်ရွက်ရန်လိုကြောင်း ၊ တိုင်းရင်းသားမျိုးနွယ်စုအလိုက် ရိုးရာပွဲတော်များ အစဉ်အလာမပျက် ပြန်လည်ကျင်းပပြုလုပ်နိုင်ရေးနှင့် ပြည်နယ်ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် တိုင်းရင်းသားအားလုံး ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်းစသည်ဖြင့် ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကယား ၊ ကယန်း ၊ ကယော ၊ ဂေဘား ၊ မနုမနော(ကော်ယော်)နှင့် ယင်းတလဲ စာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များအားလည်ကောင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ဗမာ၊ ကရင်နှင့်ရှမ်း စာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များအားလည်းကောင်း ၊ တိုင်းရင်းသားရေးရာဝန်ကြီးက ပအိုဝ်း၊ အင်းသားနှင့် လီဆူစာပေနှင့်ယဉ်ကျေးမှု အသင်းအဖွဲ့များအားလည်ကောင်း ချီးမြှင့်ငွေနှင့် ရုံးသုံးစက်ကိရိယာ ပစ္စည်းများပေးအပ်ရာ အသင်းအဖွဲ့အသီးသီးက လက်ခံရယူခဲ့ကြသည်။

ဆက်လက်၍ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အသင်းအဖွဲ့များကိုယ်စား ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသည့် စာပေနှင့်ယဉ်ကျေးမှု အသင်းအဖွဲ့များက တိုင်းရင်းသားရေးရာကိစ္စရပ်များ၊ ကော်မတီရုံးများအတွက် လိုအပ်ချက်များ၊ ပွဲတော်များ ကျင်းပမည့် အခြေအနေများ၊ တိုင်းရင်းသား ရိုးရာသီချင်းကိစ္စများ ၊ အသင်းအဖွဲ့များ ပြန်လည်ဖွဲ့စည်းမည့် အခြေအနေများ ၊ ရပ်ကွက် ၊ ကျေးရွာများအတွင်း ပြန်လည်နေထိုင်နိုင်စဉ် ဖြည့်ဆည်းကူညီဆောင်ရွက်ပေးရန်လိုအပ်ချက်များအား ဆွေးနွေးတင်ပြခဲ့ကြသည်။ ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ် ပြန်လည်ဖြေကြားကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အသင်းအဖွဲ့များနှင့် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။

ဆက်လက်၍ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့်အတူ မိတ်ဆုံနေ့လယ်စာထမင်းဝိုင်းဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး တက်ရောက်လာကြသည့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)