ကျောက်ဆည် ဒီဇင်ဘာ ၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာ များ ဖွံ့ဖြိုးတိုးတက်ပြီး မြို့ပြနှင့်ကျေးလက် ကွာဟမှုမရှိစေရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိရာ ယနေ့နံနက်(၁၀)နာရီက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများက တုံလုံကျေးရွာနှင့် မြောင်ဘောင်ကျေးရွာများတွင် ကုန်ထုတ်လမ်းများ လျာထားဆောင်ရွက်နိုင်ရေး လျာထားကွင်းဆင်းတိုင်းတာခြင်းများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
အဆိုပါ ကုန်ထုတ်လမ်းများ ဖောက်လုပ်ပေးနိုင်ရေးအတွက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ထိုက်ထိုက်စိုး၏ ကြီးကြပ်မှုဖြင့် တာဝန်ရှိဝန်ထမ်းများက တုံလုံကျေးရွာနှင့် မြောင်ဘောင်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိ၊ ရပ်ဖများ၊ ကုန်ထုတ်လမ်းဖောက်လုပ်မည့် လမ်းဘေး ဝဲ၊ ယာမှ တောင်သူများနှင့် တွေ့ဆုံပြီး လုပ်ငန်း အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ကာ ကုန်ထုတ်လမ်း အကောင် အထည်ဖော်နိုင်ရေး လျာထားတိုင်းတာမှုများ ပြုလုပ်ခဲ့ ကြောင်း သိရသည်။
ထိုသို့ ကုန်ထုတ်လမ်းများ လျာထားတိုင်းတာမှု ဆောင်ရွက်ရာတွင် တုံလုံကျေးရွာမှ မြေဧက (၁၃၀) နှင့် မြောင်းဘောင်ကျေးရွာမှ စိုက်ဧက (၃၁၅) ဧကတို့တွင် စိုက်ပျိုးထားသော သီးနှံများ ရာသီမရွေး၊ အချိန်မရွေး သယ်ယူနိုင်ရေးအတွက် ကွင်းဆင်း ဆောင်ရွက်ခြင်းဖြစ်ပြီး အဆိုပါကုန်ထုတ်လမ်းများ အမှန်တကယ်ဖောက်လုပ်နိုင်ပါက တုံလုံကျေးရွာနှင့် မြောင်းဘောင်ကျေးရွာ များသည် လူမှုဘဝဖွံ့ဖြိုးတိုးတက်မှုများ အလျင်အမြန် တိုးတက် လာမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)