ငရုတ်ကောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်နိုင်ရေး ဆွေးနွေး

ငရုတ်ကောင်း  ဒီဇင်ဘာ

ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ကိုဗစ်-၁၉ရောဂါ နှင့်ပတ်သတ်၍ ကာကွယ်ရေးလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်နိုင်ရေး ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

ဆွေးနွေးပွဲတွင် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်လင်းက ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လုပ်ငန်းများ စနစ်တကျ ဆောင်ရွက်နိုင်ရေးအတွက် အသွားအလာ ကန့်သတ် နယ်မြေများမှ ဝင်ရောက်လာသူများကို ကြပ်မတ်နိုင်ရေး၊ ကျေးရွာများ၌အဝင်အထွက် စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်နိုင်ရေး၊ စားသောက် ဆိုင်များအား ပါဆယ်စနစ်ဖြင့် ရောင်းချနိုင်ရေး၊ ရေကြောင်း ကုန်သွယ်မှုစနစ်နှင့် ကုန်စည် ပို့ဆောင်ရေး လုပ်ငန်းများ စနစ်တကျ ဆောင်ရွက်နိုင်ရေးတို့ကို ပြောကြားခဲ့သည်။

ဆွေးနွေးပွဲသို့ တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေး စာရေးများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လုပ်ငန်းကော်မတီဝင်များနှင့် စေတနာ့ဝန်ထမ်းများတို့မှ သက်ဆိုင်ရာကဏ္ဍများအလိုက် ဆောင်ရွက် သွားမည့် အခြေအနေများနှင့် လိုအပ်မှုများအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ပြုံးမောင်မောင်(ပြန်/ဆက်)