ဒီဇင်ဘာ ၁ ရက်နေ့မှ ၆ ရက်အတွင်း မူဆယ်မြို့သို့ နေရပ်ပြန် ပြည်သူ စုစုပေါင်း(၂၇၀)ကျော် ဝင်ရောက်လာ

 

 

မူဆယ်  ဒီဇင်ဘာ ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့သို့ တရုတ်နိုင်ငံဘက်မှ နေရပ်ပြန်ပြည်သူများနေ့စဉ်ပုံမှန် ပြန်လည် ရောက်ရှိ လာလျက်ရှိရာ ဒီဇင်ဘာလ(၁)ရက် နေ့မှ ဒီဇင်ဘာလ(၆)ရက်နေ့အထိ (၆)ရက်အတွင်း နေရပ်ပြန် ပြည်သူစုစုပေါင်း(၂၇၀)ကျော်ဝင်ရောက်လာခဲ့ကြောင်း မူဆယ်မြို့၊ လက်ခံရေးနှင့် ပြန်လည်နေရာချထား ရေးဆပ်ကော်မတီထံမှ သိရသည်။

တရုတ်နိုင်ငံဘက်ကနေ နေရပ်ပြန်ပြည်သူတွေ ပုံမှန်ဝင်ရောက်လာနေဆဲပဲဖြစ်ပါတယ်၊ ပြန်လည်ရောက်ရှိ လာကြတဲ့ နေရပ်ပြန်ပြည်သူတွေကို ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရမှုရှိ/မရှိ မူဆယ်မြို့၊ ကျန်းမာရေးဌာနကနေ နေ့ချင်းစစ်ဆေးပေးပြီး ရောဂါကူးစက်ခံထားရမှုမရှိဘူးဆိုရင် တိုင်းနှင့်ပြည်နယ်အလိုက် ဒီကစီစဉ်ပေး ထားတဲ့ မော်တော်ယာဉ်လိုင်းတွေနဲ့ စနစ်တစ်ကျဒေသအသီးသီးကို ပြန်လည်ပို့ဆောင်ပေးပါတယ်လို့ မူဆယ်မြို့၊ ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ် ထိန်းချုပ်ကုသရေးဆပ်ကော်မတီမှ အဖွဲ့ဝင်တစ်ဦးပြောကြားသည်။

တရုတ်နိုင်ငံဘက်မှ နေရပ်ပြန်ပြည်သူများကို စနစ်တစ်ကျလက်ခံထားရှိနိုင်ရန်အတွက် ခရိုင်/မြို့နယ်စီမံ ခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ ဌာနဆိုင် ရာများနှင့် ပရဟိတအသင်းအဖွဲ့များကို အလှည့်ကျစနစ်ဖြင့် မူဆယ်မြို့၊ ပြည်ထောင်စုအားကစားတွင် တာဝန်ချထားပြီး ခရီးသွားမှတ်တမ်းကောက်ယူခြင်းနှင့် စနစ် တစ်ကျ နေရာချထားခြင်းတို့ကို ပုံမှန်ဆောင်ရွက်လျက်ရှိသည်။ နေရပ်ပြန်ပြည်သူများကို ကျန်းမာရေး စစ်ဆေး မှုများပြုလုပ်၍ ပိုးတွေ့ရှိပါက မူဆယ်မြို့၊ ခရိုင်ပြည်သူ့ဆေးရုံ၌ စနစ်တစ်ကျဆေးကုသမှုခံယူစေပြီး ရောဂါ ပျောက်ကင်းမှသာလျှင် မိမိနေရပ်ဒေသသို့ ပြန်လည်ပို့ဆောင်ပေးသည်။ မူဆယ်မြို့၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်ကုသရေးကော်မတီအဖွဲ့က လက်ခံခြင်း၊ နေရပ်ချထားခြင်း၊ ဆေးစစ်ခြင်း၊ ပြန်လည် ပို့ဆောင် ပေးခြင်းနှင့် အခြားလိုအပ်ချက်များကိုလည်း စနစ်တစ်ကျ စီမံဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။

ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)