မိုင်းတုံမြို့၌ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ရင်းနှီးမြုပ်နှံမှု အဆိုပြုလျာထားစာရင်းများ စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မိုင်းတုံ ဒီဇင်ဘာ ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့ နံနက် ၁၀နာရီခွဲအချိန် က ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ရင်းနှီးမြှုပ်နှံမှု ရည်မှန်းချက် အဆိုပြုလျာထားစာရင်းများအား စီမံကိန်း ရေးဆွဲ အကောင်အထည်ဖော်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေအောင် က ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် နိုင်ငံပိုင်အခန်း ကဏ္ဍမှ ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများနှင့်ရင်းနှီးမြှုပ်နှံမှု အဆိုပြုလုပ်ငန်းလျာထား စာရင်းများကို ရေးဆွဲရာတွင် ယခင်နှစ်ဘဏ္ဍာငွေရရှိမှုကို အခြေခံ၍ လွှတ်တော်ကိုယ်စားလှယ် များနှင့် ညှိနှိုင်းကာ ပြည်သူ့ဆန္ဒ၊ ဌာနလိုအပ်ချက်များနှင့် ဒေသဖွံ့ဖြိုးရေး ဆောင်ရွက် ချက်များအလိုက် ဦးစားပေးအစီအစဉ်အရ စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီ၏ အတည်ပြုချက်ရယူနိုင်ရေး အတွက် မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီနှင့်သက်ဆိုင်ရာ ဦးစီးဌာနများ၊ လွှတ်တော်ကိုယ်စားလှယ် များ နှင့် ညှိနှိုင်းဆောင်ရွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆွေးနွေးရာတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစောမူးလာက မြို့နယ်စီမံကိန်းရေးဆွဲရာတွင် မိမိတို့မဖြစ်မ‌နေ အရေးကြီး လိုအပ်သည့် အချက်တွေကို ဦးစာပေးရေးဆွဲဖို့ လိုအပ်ကြောင်း၊ ယခင်နှစ်က တင်ပြထားပြီးမကျလာသေးသည့် လုပ်ငန်းများကိုလည်း ပြန်လည်ရေးဆွဲရန်လိုအပ်ကြောင်း၊ တင်ပြလာသည်များကို ပြည့်စုံမှန်ကန်မှု ရှိ/မရှိ မြို့နယ်စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီက ပြန်လည်သုံးသပ်ပြီး တင်ပြပေးသွားမှာဖြစ်ကြောင်း ဆွေးနွေးသည်။

ထို့နောက် မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သီတာ‌အောင် က ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အတွက် လုပ်ငန်းလျာထားချက်နှင့်ဘတ်ဂျက်အား သတ်မှတ်ရက်အတွင်း အချိန်မှီရေးဆွဲပေးရေး တင်ပြဆွေးနွေးပြီး အစည်း အဝေး တက်ရောက်လာသော ဌာနဆိုင်ရာများက လိုအပ်သည်များကို အကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဝင်းဝင်းခိုင် (ပြန်/ဆက်)