ကျိုက်လတ် ဒီဇင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ရွှေဝါလတ် ခန်းမတွင် ယနေ့နံနက် ၁၁ နာရီက ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ကျိုက်လတ်မြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီသို့ ဆေးရုံအထောက်အကူပြု ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ ကျင်းပခဲ့သည်။
အခမ်းအနားတွင် အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ဆေးရုံ အထောက်အကူပြု ပစ္စည်းများနှင့် Quarantine Centre များတွင် အသုံးပြုသည့် ပစ္စည်းများ ပေးအပ် လှူဒါန်းရခြင်းအကြောင်း ပြောကြား ခဲ့သည်။
ထို့နောက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမင်းသိန်း က ယခုကဲ့သို့ ဆေးရုံအထောက်အကူပြု ပစ္စည်းများ လှူဒါန်းသည့်အတွက် ကျိုက်လတ်မြို့နယ်ရှိ မိဘပြည်သူများအတွက် အမှန်တကယ် လိုအပ်နေသည့် ပစ္စည်းများ ဖြစ်သောကြောင့် များစွာအကျိုးရှိကြောင်းနှင့် ကျေးဇူးတင်ရှိပါကြောင်း ပြန်လည် ပြောကြားခဲ့သည်။
ဆက်လက်၍ တာဝန်ရှိသူများက တန်ဖိုးငွေကျပ်(၁၇)သိန်းကျော်ခန့်ရှိ ဆေးရုံအထောက်အကူပြု ပစ္စည်းများနှင့် Quarantine Centre များတွင် အသုံးပြုသည့် ပစ္စည်းများကို ပေးအပ်လှူဒါန်းရာ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်နှင့် ဒေါက်တာ မင်းသိန်းတို့က လက်ခံရယူခဲ့ကြပြီး မြို့နယ်ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌက ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းအား ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့သည်။
အခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်း ကော်မတီ နာယကနှင့် အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရီရီမြင့်(ပြန်/ဆက်)