ဟိုမိန်းမြို့အတွင်းရှိ ကျေးရွာ ၁၂ ရွာ၌ တစ်အိမ်သုံးဆိုလာမီး ရရှိတော့မည်

ဟိုမိန်း    ဒီဇင်ဘာ  ၇

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ လင်းခေးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တစ်နိုင်ငံလုံး လျှပ်စစ်မီးလင်းရေး အမျိုးသားလျှပ်စစ်မီးလင်းရေး စီမံကိန်း NEP (မဟာဓာတ်အားလိုင်းပြင်ပ) တစ်အိမ် သုံးဆိုလာစနစ်ဖြင့် ကျေးလက်မီးလင်းရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ဂျာမနီ ဖွံ့ဖြိုးရေးဘဏ် (KFW)၏ ထောက်ပံ့မှုဖြင့် ဟိုမိန်းမြို့အတွင်းရှိ ကျေးရွာ ၁၂ ရွာ၌ တစ်အိမ်သုံးဆိုလာမီး ရရှိတော့မည် ဖြစ်သည်။

စီမံကိန်းဆောင်ရွက်ရာတွင် (မဟာဓာတ်အားလိုင်းပြင်ပ) ဓာတ်အားလိုင်းနှင့် ဝေးကွာသော ဒေသများကို ဦးစားပေး ရွေးချယ်ပြီး အကျိုးခံစားခွင့်အနေဖြင့် အရည်အသွေးကောင်းမွန်သည့် ပစ္စည်းများဖြစ်ခြင်း၊ အာမခံကာလအတွင်း ပျက်စီးသွားသော ပစ္စည်းများအား အသစ်အစားထိုး လဲလှယ်ပေးခြင်း၊ ပြုပြင်ပေးခြင်းများ ဆောင်ရွက်ပေး မည်ဖြစ် ကြောင်း၊ တစ်အိမ်သုံးဆိုလာ စနစ်တွင် တစ်အိမ်ထောင်လျှင် ထည့်ဝင်ရမည့် ငွေပမာဏမှာ(၆၀)ဝပ် ဆိုလာကို ပြည်သူ ထည့်ဝင်ငွေ ၅၀,၀၀၀ ကျပ်၊ (၁၀၀)ဝပ်ဆိုလာကို ပြည်သူထည့်ဝင်ငွေ ၁၅၀,၀၀၀ ကျပ် အချိုးကျစနစ်ဖြင့် နှစ်ကြိမ်ခွဲ၍ ထည့်ဝင်ရမည်ဖြစ်ကြောင်း၊ တစ်အိမ်သုံး ဆိုလာစနစ်တွင် ဆိုလာတစ်ချပ်၊ ဘက်ထရီနှင့်အတူ မီးသီးလေးလုံး ပါရှိပြီး သုံးစွဲသူနေအိမ်များသို့ စနစ်တကျ တပ်ဆင်ပေး မည်ဖြစ်ပြီး ကျေးရွာများရှိ ဘာသာရေး အဆောက်အဦများ၊ ကျန်းမာရေးနှင့် အခြေခံပညာ ကျောင်းများနှင့် ကျေးရွာအတွင်း လမ်းမီးများ ရရှိရေးအတွက် အခမဲ့ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း လင်းခေးမြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ဟိုမိန်းမြို့အတွင်း ဝေးလံခေါင်ဖျားပြီး သွားလာရေးခက်ခဲသော နောင်အောကျေးရွာ၊ ဝမ်မိုင်ကျေးရွာနှင့် လုလေ ကျေးရွာ အပါအဝင် ကျေးရွာ စုစုပေါင်း ၁၂ ရွာမှ အိမ်ထောင်စု (၂၈၄)စု အတွက် တစ်အိမ်သုံးဆိုလာနှင့် ဆက်စပ် ပစ္စည်းများ ဟိုမိန်းမြို့သို့ ရောက်ရှိလာပြီဖြစ်ရာ မကြာမီ ကျေးရွာများရှိ သုံးစွဲသူနေအိမ်များသို့ စနစ်တကျ သွားရောက် တပ်ဆင်ပေးတော့မည် ဖြစ်ကြောင်း သိရသည်။

ရဲနောင်(ဟိုမိန်း)