မူဆယ်မြို့၌ ကိုဗစ်-၁၉ ရောဂါ အတည်ပြုပိုးတွေ့လူနာအားလုံး ကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံဆင်းခွင့်ရ

မူဆယ် ဒီဇင်ဘာ  ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ ခရိုင်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေသည့် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာတစ်ဦးကို ဒီဇင်ဘာလ(၅)ရက်နေ့က ဆေးရုံဆင်းခွင့်ရရှိခဲ့ပြီး မူဆယ်မြို့၌ ကိုဗစ်-၁၉ ရောဂါ အတည်ပြုပိုးတွေ့လူနာအားလုံး ဆေးရုံ ဆင်းခွင့် ရရှိပြီဖြစ်ကြောင်း မူဆယ်မြို့၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကုသရေးကော်မတီထံမှ သိရသည်။

မူဆယ်မြို့၌ ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားချိန်မှ စတင်၍ ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း (၃၃)ဦးရှိရာ မူဆယ်မြို့၊ ခရိုင်ပြည်သူ့ ဆေးရုံသစ်တွင် စနစ်တကျဆေးကုသပေးခဲ့ပြီး အသက်အန္တရာယ်တစ်စုံတစ်ရာစိုးရိမ်မှုမရှိဘဲ လူနာအားလုံး ဘေးကင်းစွာဖြင့် ဆေးရုံဆင်းခွင့်ရရှိ နေပြီဖြစ်သည်။

“အခုလို မူဆယ်မြို့မှာ ရောဂါပိုးတွေ့ရှိတဲ့ လူနာတွေအားလုံး ဘေးကင်းစွာ ဆေးရုံဆင်းခွင့် ရရှိတဲ့အတွက် ပြည်သူတစ်ဦးအနေနဲ့ အတိုင်းမသိဝမ်းသာကြည်နူးမိပါတယ်၊ မူဆယ်မြို့၊ ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ လူနာအားလုံးကို ရောဂါပျောက် ကင်း အောင် ကုသပေးတဲ့အပေါ် မူဆယ်မြို့၊ ပြည်သူအားလုံးလည်း ပျော်ရွှင်ကျေနပ်အားရနေကြပါတယ်၊ မူဆယ်မြို့၊ ပြည်သူလူထု တွေရဲ့ စိတ်ဓာတ်ခွန်အားတွေကိုလည်း မြှင့်တင်စေပါတယ်၊ ဒါ့ပြင် ပြည်သူတွေအနေနဲ့လည်း မပေါ့ဆဘဲ ကျန်းမာရေး လမ်းညွှန်ချက်တွေကို ဆက်လက်လိုက်နာ ဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်၊ ဒါမှသာလျှင် ဒီရောဂါကပ်ဆိုးကြီးကို အောင်မြင်စွာ တွန်းလှန် ကျော်ဖြတ်နိုင်မှာဖြစ်ပါတယ်” လို့ မူဆယ်မြို့၊ ဒေသခံ စိုင်းနော်မိန်း က ပြောကြားသည်။

မူဆယ်မြို့သည် နယ်စပ်ဒေသဖြစ်သည့်အလျှောက် ကုန်တင်ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များနှင့် နေရပ်ပြန် ပြည်သူများ နေ့စဉ် ဝင်/ထွက် သွားလာလျက်ရှိရာ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ခရိုင်/မြို့နယ် စီမံခန့်ခွဲမှု ကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို နေ့စဉ်နှင့်အမျှ အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)