လွိုင်ကော်မြို့၌ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲကျင်းပ

လွိုင်ကော် မတ် ၈

ကယားပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီနှင့် အသေးစားစက်မှုလုပ်ငန်းဦးစီးဌာနတို့ပူးပေါင်း၍ ကယားပြည်နယ်အတွင်း အသက် ၁၄ နှစ် နှင့်အထက် လူငယ်မောင်မယ်များနှင့် မိသားစုဝင်များ အတွက် သင့်တော်ကောင်းမွန်သော အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်ရည်ရွယ်၍ဖွင့်လှစ်ပေးသည့်  လူသုံးကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းအား ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် ရက်ကန်းကျောင်းသင်တန်းခန်းမ၌ သင်တန်းဆင်းပွဲပြုလုပ်ခဲ့သည်။

အဆိုပါသင်တန်းကို ကယားပြည်နယ်အစိုးရအဖွဲ့၏ ဘဏ္ဍာငွေထောက်ပံ့မှုဖြင့် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပြီး ကယားပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းဆပ်ကော်မတီ၏ အတွင်းရေးမှူး၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ကယားပြည်နယ်တာဝန်ခံ ဒေါ်ခင်အေးမြင့်က သင်တန်းဆင်းအမှာစကားပြောကြားပြီး အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလင်းထွဋ်မှူးက အသက်မွေးဝမ်းကျောင်း သင်တန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အလုပ်သမားညွှန်ကြားရေးမှူးဦးစီးဌာန ကယားပြည်နယ်တာဝန်ခံနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးတို့က သင်တန်းသား၊သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။ ဆက်လက်၍ အလုပ်သမားညွှန်ကြားရေးမှူးဦးစီးဌာန ကယားပြည်နယ်တာဝန်ခံ ဒေါ်ခင်အေးမြင့်က သင်တန်းသား/သင်တန်းသူများအား ကုန်ချောပစ္စည်းများ ပေးအပ်ခဲ့ပြီး သင်တန်းသူ တစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။

ထို့နောက်တက်ရောက်လာသော ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် သင်တန်းသား/သင်တန်းသူများ စုပေါင်း၍ အမှတ်တရ မှတ်တမ်းဓါတ်ပုံရိုက်ကူးခဲ့ကြကြောင်းသိရသည်။

ကိုဇင်(ပြန်/ဆက်)