နမ့်ဆန်မြို့နယ်မှ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၂ ဦး ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ပြု

 

နမ့်ဆန်        ဒီဇင်ဘာ   ၇

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိ၍ ဆေးကုသမှု ခံယူနေသူ (၁၀)ဦး အနက်မှ ယနေ့မွန်းလွဲပိုင်းတွင် ပိုးတွေ့လူနာ အမှတ်(၃)နှင့် ပိုးတွေ့လူနာ အမှတ်(၄) တို့သည် ကိုဗစ်-၁၉ ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရရှိပြီး ယနေ့အထိ စုစုပေါင်း ဆေးရုံဆင်းခွင့်ရရှိသူ(၄)ဦးရှိပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါဆေးရုံဆင်းခွင့်ရသူ ပိုးတွေ့လူနာအမှတ်(၃)နှင့် အမှတ်(၄)တို့ကို မြို့နယ်ကျန်းမာရေးဦးစီးဌာနက ကျန်းမာရေး ကောင်းမွန်ကြောင်းထောက်ခံစာများပေးအပ်ပြီး မိမိနေအိမ်တွင် Home Quarantine တစ်ပတ်ထားရှိ၍ မိမိနေအိမ်တွင် နေထိုင်စဉ်လိုက်နာရမည့် စည်းကမ်းချက်များကိုမှာကြားကာ ဆေးရုံဆင်းခွင့်ရရှိသူ လူနာ ၂ ဦးကို အားပေး စကား ပြောဆိုခဲ့ကြသည်။

နမ့်ဆန်မြို့နယ်အတွင်း ယနေ့အထိ ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ(၁၀)ဦးထဲက ဒီဇင်ဘာ(၂)ရက်နေ့က (၂)ဦး၊ ယနေ့မွန်းလွဲပိုင်း တွင် (၂)ဦး စုစုပေါင်း(၄)ဦး ဆေးရုံဆင်းခွင့်ရရှိထားပြီး ကျန်ရှိသည့် (၆)ဦးမှာလည်း ဆေးကုသမှုများဆောင်ရွက်ထားကာ ကျန်းမာရေးကောင်းမွန်ကြောင်း ကျန်းမာရေးဦးစီးဌာနထံမှသိရသည်။ ထို့ပြင် Facility Quarantine Centre တွင် နေထိုင်သူများလည်း မူဆယ်မြို့ကျန်းမာရေးဦးစီးဌာနတွင် ဓါတ်ခွဲစစ်ဆေးမှုများအရ ရောဂါပိုး မရှိသူများကို မိမိနေအိမ်သို့ ပြန်ခွင့်ပြုထားပြီ ဖြစ်သည်။

ကိုအောင်မိုး (ရွှေဖီမြေ)