လွိုင်ကော်မြို့တွင် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်

လွိုင်ကော် မတ်

၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ များ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့များ၊ ပြည်နယ် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေး အဖွဲ့များ၊ တက္ကသိုလ်၊ ကောလိပ်နှင့် သင်တန်းကျောင်းများမှ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့အခမ်းအနားကို အမျိုးသမီးများ၏ အခွင့်အရေးနှင့် စွမ်းဆောင်နိုင်မှုကို ပိုမိုအာရုံစိုက်မိ လာစေရန်နှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို အလေးအနက်ထား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် အမျိုးသမီးများ ဘဝတစ်ဆင့်ထက်တစ်ဆင့် မြင့်သည်ထက်မြင့်အောင် အားပေးမြှင့်တင်နိုင်ရန်နှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ လုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊  ဌာန ဆိုင်ရာများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများအားလုံးက အမျိုးသမီးများကဏ္ဍစုံမှ ပါဝင်ဆောင်ရွက်နိုင်ရန်၊ ကျား၊ ရေးရာ အခြေခံအကြမ်းဖက်မှုနှင့် ခွဲခြားဆက်ဆံမှုများကို ရှောင်ကြဉ်ပေး၍ ဘဝလုံခြုံရေးအတွက် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားအတွက် ချီးမြှင့်ငွေနှင့် ကပြဖျော်ဖြေမည့် အကအဖွဲ့များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ရာ ပြည်နယ်လူမှုဝန်ထမ်းရုံး၊ ပြည်နယ်ဦးစီးမှူးနှင့် အကအဖွဲ့ ကိုယ်စားလှယ်များက အသီးသီး လက်ခံရယူကြသည်။

ဆက်လက်၍ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ် အမျိုးသမီးများ၏ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များ Video Clip အား ဖွင့်လှစ်ပြသသည်။

ထို့နောက် လွိုင်ကော်မူလတန်းကြိုကျောင်း ရင်သွေးငယ်လေးများက ထာဝရသစ္စာသီချင်းဖြင့်လည်းကောင်း၊ လွိုင်ကော်ပညာရေးဒီဂရီကောလိပ်၊ ကျောင်းသူလေးများက  “မြန်မာ့စိတ်ရင်း၊ မြန်မာ့ရှုခင်း သီချင်းဖြင့်လည်းကောင်း၊ ကွန်ပျူတာတက္ကသိုလ်နှင့် နည်းပညာ တက္ကသိုလ် ကျောင်းသားကျောင်းသူလေးများကထာဝရမြန်မာသီချင်းဖြင့် လည်းကောင်း၊ လွိုင်ကော်သူနာပြုနှင့် သားဖွားသင်တန်းကျောင်း သင်တန်းသူလေးများက မင်္ဂလာပါ သီချင်ဖြင့်လည်းကောင်း အသီးသီးကပြဖျော်ဖြေခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အခမ်းအနား တက်ရောက်လာသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်စကား ပြောကြားခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)